နေပြည်တော် ၄ မတ်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး အဆောက်အဦ ဆောက်လုပ်ရန် ပန္နက်တော်တင်ခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် ထားဝယ်မြို့၊ ဆန်းချီရပ်ကွက်၊ အကွက်အမှတ် ၂၄ ရှိ အဆိုပါရုံးအဆောက်အဦ ဆောက်လုပ်မည့်မြေနေရာ၌ ကျင်းပသည်။
အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ တိုင်းဒေသကြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေး၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောလုကာ၊ တိုင်းရင်းသားရေးရာဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးမန်းဆွေမြင့်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှမော်ဦးက တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး အဆောက်အဦသည် အလျား ပေ ၈၀၊ အနံ ပေ ၆၀ ရှိ သံကူကွန်ကရစ် နှစ်ထပ်အဆောက်အဦဖြစ်ပြီး ငွေကျပ် (၃၂၅) သန်းဖြင့် တင်ဒါအောင်မြင်ခဲ့သော R.S.E (Engineering Group) Co.,Ltd မှ တာဝန်ယူ တည်ဆောက်သွားမည်ဖြစ်ပါကြောင်း၊ ရုံးအဆောက်အဦ တည်ဆောက်ပြီးစီးပါက တနင်္သာရီတိုင်းဒေသကြီးအတွင်း မွန်၊ ကရင်၊ ထားဝယ်နှင့် ဆလုံအစရှိသည့် တိုင်းရင်းသား လူမျိုးများ၏ စာပေ၊ ယဉ်ကျေးမှုနှင့် လူမှုဖွံ့ဖြိုးရေး၊ စည်းလုံးညီညွတ်ရေး၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့်ဥပဒေပါ တိုင်းရင်းသား အခွင့်အရေးများ အပြည့်အဝရရှိရေး၊ တိုင်းရင်းသားအရေးဆိုင်ရာ အငြင်းပွားမှုများကို ပေါင်းစပ်ညှိနှိုင်းဖြေရှင်းရေး စသည့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို အဓိကဖော်ဆောင်ပေးမည့် ရုံးဌာနတစ်ခုအဖြစ် မြင်တွေ့ရမည် ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တင်ဒါအောင်မြင်သည့် R.S.E (Engineering Group) Co.,Ltd မှ Managing Director ဦးစိုင်းမြတ်သူက ရုံးတည်ဆောက်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဆိုင်ရာ ကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် သတ်မှတ်နေရာ အသီးသီး၌ ပန္နက်တော်တင်ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
ယခု တည်ဆောက်မည့် အဆောက်အဦသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပထမဆုံး တည်ဆောက်မည့် အဆောက်အဦဖြစ်ပြီး ရုံးအဆောက်အဦအပါအဝင် အခြားဆက်စပ်လုပ်ငန်းများဖြစ်သော ကွန်ကရစ်အဝင်လမ်းခင်းခြင်း၊ ခြံစည်းရိုးကာရံခြင်း၊ ကွန်ကရစ်ကားပါကင်ခင်းခြင်း၊ ပြင်ပရေသွယ်တန်းခြင်းနှင့် လျှပ်စစ်မီးတပ်ဆင်ခြင်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်သည်။
တနင်္သာရီတိုင်းဒေသကြီး ဦးစီးဌာနရုံး အဆောက်အဦကို တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များအပါအဝင် တနင်္သာရီတိုင်းဒေသကြီးအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားများ ဆုံစည်းရာနေရာ Ethnic Communication Center အဖြစ် အသုံးပြုနိုင်ရေးအတွက်လည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှမော်ဦးသည် ယမန်နေ့က တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဧည့်ရိပ်သာတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ၊ မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီအဖွဲ့များအား လက်ခံတွေ့ဆုံပြီး တိုင်းရင်းသားလူမျိုးများအားလုံး နိုင်ငံသားအခွင့်အရေးများရရှိရေး၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများကို ဥပဒေနှင့်အညီ အပြည့်အဝ ရရှိခံစားနိုင်ရေးအပါအဝင် တိုင်းရင်းသားတို့၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


