နေပြည်တော် ၃ မတ်
ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းကဏ္ဍတွင် မသန်စွမ်းသူများပါဝင်မှု မြှင့်တင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ၊ ဒုတိယဥက္ကဋ္ဌ(၁)၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းသည် နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုမည့် လုပ်ငန်းတစ်ခုဖြစ်ပြီး နိုင်ငံတော်က ဦးစားပေးဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းဖြစ်ကြောင်း၊ မသန်စွမ်းသူများအတွက် လူ့အခွင့်အရေးကိုလည်း အစိုးရကအလေးထား ဖော်ဆောင်ပေးလျက်ရှိကြောင်း၊ ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာ တစ်ခုက ကမ္ဘာ့လှည့်ခရီးသွားလာခြင်းလုပ်ငန်းတွင် အဓိကစိတ်ဝင်တစား ပါဝင်ဆောင်ရွက်ကြသူများသည် မသန်စွမ်းများနှင့် သက်ကြီးရွယ်အိုများဖြစ်သည် ဟုဖော်ပြထားကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းတွင် မသန်စွမ်းသူများပါဝင်၍ ဝန်ဆောင်မှုပေးနိုင်သကဲ့သို့ မသန်စွမ်းသူများ လွယ်ကူစွာ သွားလာနေထိုင်အသုံးပြုနိုင်ရေးကို ဖြည့်ဆည်းဆောင်ရွက်ပေးထားရန် လိုအပ်ကြောင်း။
ဆောက်လုပ်ရေးဝန်ကြီးဌာနက မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စည်းမျဉ်များချမှတ်ပြီး အများပြည်သူအဆောက်အအုံနှင့် ဆက်စပ်ပတ်ဝန်းကျင်ကို မသန်စွမ်းသူများ လုံခြုံလွယ်ကူစွာ အသုံးပြုနိုင်ရန်အတွက် ပုံစံထုတ်ခြင်း၊ တည်ဆောက်ခြင်းများကို ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ စျေးဝယ်စင်တာများ၊ ပြတိုက်များ၊ ယဉ်ကျေးမှုဆိုင်ရာ အဆောက်အဦများ၊ ရုပ်ရှင်ရုံများ၊ ပန်းခြံများ၊ အပန်းဖြေ အနားယူနိုင်သောနေရာများတွင် လိုအပ်သော ပြင်ဆင်မွန်းမံခြင်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ မသန်စွမ်းသူများက ဝန်ဆောင်မှုပေးနိုင်ရန်လည်း သက်ဆိုင်ရာ လေ့ကျင့်သင်တန်းများဖြင့် စွမ်းဆောင်နိုင်မှုကို မြှင့်တင်ပေးရန်လိုအပ်ကြောင်း။
ယနေ့ ညှိနှိုင်းအစည်းအဝေးတွင် မြန်မာနိုင်ငံဟိုတယ် လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင် (၁၁)သင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ် အဆင့်တာဝန်ခံများ၊ မြန်မာ-နိုင်ငံတကာ ဖက်စပ်ဟိုတယ်လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံ မသန်စွမ်းအသင်းချုပ်နှင့် မသန်စွမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဆက်စပ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ စုံညီစွာတက်ရောက်ကြသဖြင့် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းကဏ္ဍတွင် မသန်စွမ်းသူများအတွက် အတားအဆီးများ ဖယ်ရှားနိုင်ရေးနှင့် မသန်စွမ်းသူများ ပါဝင်ဆောင်ရွက်နိုင်မှု မြှင့်တင်ရေးလုပ်ငန်းစဉ် ချမှတ်ခြင်းတို့ကို နိုင်ငံတစ်ဝှမ်း အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များဖြစ်သည့် ဟိုတယ်အသီးသီးတွင် မသန်စွမ်းသူများအတွက် “အတားအဆီးကင်းရေး မျှော်မှန်းလို့ မသန်စွမ်း လူ့အခွင့်အရေးဖော်ဆောင်စို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ Accessible ဖြစ်စေရန်အတွက် Stage များ၊ Wheelchair တက်လမ်းများ အဆင်ပြေ ချောမွေ့စေရန်နှင့် သန့်စင်ခန်းဝင်သည့်အခါ Wheelchair ဝင်နိုင်ထွက်နိုင်သည့် အကျယ်အဝန်းရှိစေရေးဆောင်ရွက်ရန်၊ မြန်မာနိုင်ငံရှိ ဟိုတယ်များတွင် မသန်စွမ်းသူများအား အလုပ်အကိုင်ခန့်ထားပေးရန်၊ မသန်စွမ်းသူများ Accessible ဖြစ်စေရန်အတွက် ဟိုတယ်လုပ်ငန်းရှင်များမှ မသန်စွမ်းအသင်းချုပ်နှင့် ချိတ်ဆက်ပြီး ၎င်းတို့၏အတွေ့အကြုံများ၊ အကြံဉာဏ်များရယူဆောင်ရွက်ရန် စသည့်ဆုံးဖြတ်များကို သက်ဆိုင်ရာအဖွဲ့အစည်းများ အနေဖြင့် ချိတ်ဆက် ဆောင်ရွက်ထားရှိမှုကို တင်ပြဆွေးနွေးသည်။
ဆက်လက်၍ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အလုပ်လုပ်ကိုင်နိုင်စွမ်းရှိသည့် မသန်စွမ်းသူများအတွက် ဟိုတယ်လုပ်ငန်းများ၌ အလုပ်ခန့်ထားလျက်ရှိမှုနှင့် ပိုမိုခန့်ထားနိုင်ရေး စီစဉ်ဆောင်ရွက်မှုများ၊ မသန်စွမ်းသူများနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးပွဲများ ဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက နေပြည်တော်၊ မြို့မစျေးနှင့် ရေပန်းဥယျာဉ်များတွင် မသန်စွမ်းသူများအတွက် စံနမူနာပြအဖြစ် ဆောင်ရွက်ထားသည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာစည်းမျဉ်များနှင့် အဆောက်အအုံအမျိုးအစားအလိုက် မသန်စွမ်းများအတွက် ဆောင်ရွက်ပေးရမည့်စံနှုန်းများ ထည့်သွင်းထားမှုများကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်၊ အထွေထွေအတွင်းရေးမှူးက ဟိုတယ်လုပ်ငန်းများ၌ မသန်စွမ်းသူများအား အလုပ်ခန့်ထားခြင်းဖြင့် စီးပွားရေး၊ လူမှုရေးကဏ္ဍများတွင် အကျိုးအမြတ်များရရှိနိုင်မည့်ကိစ္စများ၊ ဟိုတယ်လုပ်ငန်းများအနေဖြင့် မသန်စွမ်းသူများ၏ သဘောသဘာဝကို သိရှိအောင် လေ့လာဆောင်ရွက်ပေးစေချင်သည့်ကိစ္စနှင့် မသန်စွမ်းသူများအား ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း၌ အလုပ်ခန့်ထားရန် လိုအပ်သည့် ချဉ်းကပ်ဆောင်ရွက်မှုများကို အသင်းချုပ်အနေဖြင့်သော်လည်းကောင်း၊ မသန်စွမ်း အဖွဲ့အစည်းအသီးသီးမှသော်လည်းကောင်း ပူးပေါင်းဆောင်ရွက်ပေးရန် အဆင်သင့်ရှိပါကြောင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်တာဝန်ရှိသူများက ဟိုတယ်လုပ်ငန်းများတွင် မသန်စွမ်းသူများအား အလုပ်ခန့်ထားနိုင်ရေး ဆောင်ရွက်မည့်ကိစ္စများ၊ လွယ်ကူစွာသွားလာနေထိုင်အသုံးပြုနိုင်ရေး (Accessibility) ဆောင်ရွက်ပေးခြင်းဖြင့် ခရီးသွားလုပ်ငန်းများ ပိုမိုတိုးတက်မြင့်မားလာစေမည့်ကိစ္စများ၊ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန်ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် သက်ဆိုင်ရာဝန်ကြီးဌာန တာဝန်ရှိသူများ၊ ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန၏ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးက တာဝန်ခံများ၊ မသန်စွမ်းအဖွဲ့အစည်းများမှ တာဝန်ရှိသူများက မသန်စွမ်းသူများအား ဟိုတယ်လုပ်ငန်းများတွင် သာမက ဟိုတယ်အသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်ခြင်းနှင့် ခရီးသွားလုပ်ငန်းအတွက် လက်ဆောင်များထုတ်လုပ်ခြင်း စသည့် နယ်ပယ်များတွင် ပါဝင်လုပ်ကိုင်နိုင်ရေး၊ မသန်စွမ်း သက်မွေးပညာကျောင်း တည်ထောင်ပေးနိုင်ရေး၊ မသန်စွမ်းသူများအတွက် အတားအဆီးကင်းသော ခရီးသွားလုပ်ငန်း (Barrier Free Tourism) ကို ခရီးသွားများကို ဆွဲဆောင်နိုင်သည့်နယ်မြေတစ်ခု သတ်မှတ်၍ ရှေ့ပြေးစမ်းသပ် ဆောင်ရွက်နိုင်ရေး၊ အလုပ်ခန့်အပ်မှုများတွင် ရေရှည်တည်တံ့စေရေး၊ လွယ်ကူစွာသွားလာနေထိုင် အသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်ပေးရာတွင် စံနှုန်းများနှင့်အညီ အမှန်တကယ်အသုံးပြုနိုင်သည့် အနေအထားဖြစ်အောင် ဆောင်ရွက်ပေးနိုင်ရေးနှင့် အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးနိုင်ရေးတို့ကို အကြံပြုဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကားပြောကြားရာတွင် မြန်မာနိုင်ငံ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ၊ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီနှင့် မသန်စွမ်းအဖွဲ့အစည်းများ၊ မသန်စွမ်းများ၊ ပြည်သူများအားလုံး ပူးပေါင်း၍ ချိတ်ဆက်ဆောင်ရွက်နိုင်ရန် တိုက်တွန်းပါကြောင်း၊ မသန်စွမ်းသူများ၏ အသံများကို နားထောင်၍ ၎င်းတို့၏ ဆန္ဒများ၊ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း၊ မသန်စွမ်းတစ်ဦးချင်းစီ၏ မသန်စွမ်းလူ့အခွင့်အရေးကို ဖော်ဆောင်ပေးခြင်းများသည် အစိုးရကဆောင်ရွက်လျက်ရှိသည် စစ်မှန်သောဒီမိုကရေစီ လမ်းစဉ်ပင်ဖြစ်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းကဏ္ဍတွင် မသန်စွမ်းသူများ၏ ပါဝင်မှုမြှင့်တင်ရေး လုပ်ငန်းကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံတစ်နိုင်ငံလုံး၌ ဟိုတယ်နှင့် တည်းခိုရိပ်သာပေါင်း (၂၀၂၁)လုံး၊ အခန်းပေါင်း (၈၁၂၁၂)ခန်းနှင့် ဝန်ထမ်းအရေအတွက် (၈၆၄၀၆) ဦးအနက် မသန်စွမ်းသူများအား ခန့်ထားမှုမှာ (၅၁)ဦးသာရှိသေးကြောင်း သိရသည်။
သတင်းစဉ်


