နေပြည်တော် ၃ မတ်

ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးတွင် အမျိုးသမီးများအား အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယနေ့အစည်းအဝေးတွင် အမျိုးသမီးများအား အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီက ရေးဆွဲဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံချက်(မူကြမ်း)အပေါ် ညှိနှိုင်းဆွေးနွေးကြရန်ဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၇)ရက်နေ့တွင် ကုလသမဂ္ဂဆိုင်ရာမြန်မာ အမြဲတမ်းကိုယ်စားလှယ်နှင့် ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Ms. Pramila Patten တို့ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၌ လက်မှတ်ရေးထိုးခဲ့သည့် Joint communique နှင့် ပတ်သက်၍ အမျိုးသားကော်မတီနှင့် လုပ်ငန်းကော်မတီများက အစည်းအဝေးများကျင်းပခဲ့ပြီး အကြံပြုချက်များကို (၃) ကြိမ် တောင်းခံခဲ့ပြီးဖြစ်ကြောင်း၊ ရရှိလာသော အကြံပြုချက်များဖြင့် မိမိတို့နိုင်ငံအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် အမျိုးသားအဆင့်လုပ်ငန်း စီမံချက်အဖြစ် ရေးဆွဲထားခြင်းဖြစ်ကြောင်း။

ကုလသမဂ္ဂအဖွဲ့အစည်းများမှ လုပ်ငန်းစီမံချက်တွင် ဖြည့်စွက်ရန် ပေးပို့လာသည့် အကြံပြုချက်များရှိကြောင်း၊ ထိုအကြံပြုချက်များကို ဝိုင်းဝန်းညှိနှိုင်းဆွေးနွေး၍ အဖြေရရှိအောင် ဆောင်ရွက်ပေးစေလိုကြောင်း၊ ဖြည့်စွက်ရန် အကြံပြုလာသည့် အချက်များဖြစ်သည့် အသက်ရှင်ကျန်ရစ်သူ၊ ကျူးလွန်ခံရသူများကို အဓိကထား၍ ဖြေရှင်းဆောင်ရွက်ရန်၊ လုံခြုံမှုနှင့် အကာအကွယ်ပေးနိုင်မှုရှိသည့် တိုင်ကြားနိုင်မှုယန္တရား ပိုမိုခိုင်မာစေရေးစသည့် အချက်များကို မိမိတို့အနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊  ပြစ်မှုဆိုင်ရာဥပဒေများနှင့် သက်ဆိုင်ရာ ဥပဒေများပြင်ဆင်ရေးဆွဲရေးနှင့် ပတ်သက်၍ ဆောင်ရွက်ရန်ကိစ္စများရှိပါကြောင်း၊ သို့ရာတွင် အမျိုးသမီးများအကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ (မူကြမ်း) ရေးဆွဲပြီးဖြစ်၍ လွှတ်တော်တွင်ဆွေးနွေးရန် စတင်ဆောင်ရွက်လျက်ရှိကြောင်း၊ လုံခြုံရေး ကဏ္ဍများရှိ တာဝန်ရှိသူများအား စွမ်းဆောင်ရည်မြှင့်တင်မှုဆိုင်ရာ သင်တန်းများပေးခြင်းနှင့် Qualitative Indicator များဖြင့်တိုင်းတာရန်၊ UNအဖွဲ့အစည်းများ၊ UN Monitoring Analysis and reporting Arrangements (MARA) Working  Group တို့နှင့် ပူးပေါင်းဆောင်ရွက်ရန် စသည့်အချက်များလည်း ပါဝင်ပါကြောင်း။

မိမိတို့ကော်မတီအနေဖြင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော် တိုးတက်မှုများနှင့် စပ်လျဉ်း၍ UNCTFMR တို့အကြားတစ်နှစ်လျှင်(၃)ကြိမ် တွေ့ဆုံပွဲများကို ဆောင်ရွက်သွားရန်ရှိကြောင်း၊ အမျိုးသမီးများအား အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ UN အကြံပြုချက်များနှင့် စပ်လျဉ်းပြီး ကော်မတီဝင်များ၏ အမြင်သဘောထားများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန်နှင့် လုပ်ငန်းစီမံချက်အပေါ် ဆောင်ရွက်ရာတွင် ဖြစ်ပေါ်လာနိုင်သည့် ခက်ခဲမည့်အပိုင်းများကို ဖြေရှင်းနိုင်မယ့် နည်းလမ်းများကို ဝိုင်းဝန်းဆွေးနွေးပေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီအတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အမျိုးသားအဆင့်လုပ်ငန်းစီမံချက်အပေါ် UN အဖွဲ့အစည်းများမှ ပေးပို့လာသော အကြံပြုချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသော ကော်မတီဝင်များက လုပ်ငန်းစီမံချက်အပေါ် အကြံပြုချက်များအလိုက် ဆွေးနွေးကြပြီး ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများနှင့် ဆုံးဖြတ်ချက်ချခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်