နေပြည်တော် ၂၆ ဖေဖော်ဝါရီ

 

စားသုံးသူရေးရာဦးစီးဌာနရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ဦးစီးမှူးများအား တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ ညနေ ၄ နာရီခွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ယခုကာလအတွင်း ဖြစ်ပေါ်နေသည့် Corona Virus ရောဂါကြောင့် ကုန်သွယ်မှုအပေါ် ထိခိုက်မှုရှိနေသဖြင့် မိမိတို့တိုင်း ဒေသကြီး/ ပြည်နယ်အလိုက်၊ စီးပွားရေးထိမှုများ ဖြစ်ပေါ်မှုရှိ/မရှိကို လေ့လာသုံးသပ်ကြရမည်ဖြစ်ကြောင်း၊ မိမိဌာနဝန်ထမ်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ ကုန်သည်လုပ်ငန်းရှင်များနှင့် ပူးပေါင်းပြီး မိမိဒေအတွင်းရှိ ထုတ်ကုန်များ၏ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းကုန်သွယ်မှု တိုးမြှင့်နိုင်ရေးအတွက် အသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ၊ သီးနှံဇုန်များ စနစ်တကျဖွဲ့စည်းထူထောင်နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ရမှာ ဖြစ်သကဲ့သို့ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အားပေးကူညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း စားသုံးသူပြည်သူများအား အသိပညာပေးခြင်း၊ ဈေးကွက်အတွင်း လေ့လာစုံစမ်းစိစစ်ခြင်း၊ စားသုံးသူ ထိခိုက်နစ်နာမှုများအပေါ် ဥပဒေနှင့်အညီ စနစ်တကျဖြေရှင်းပေးခြင်းများကို ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ မည်သည့်လုပ်ငန်းရပ်များကိုမဆို လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ မိမိဌာန၏လုပ်ငန်းရပ်များကို ကျွမ်းကျင်မှုရှိရန် လိုအပ်သကဲ့သို့ အခြား ဆက်စပ်လုပ်ငန်းရပ်များကိုလည်း ရင်းနှီးကျွမ်းကျင်မှုရှိအောင် ကြိုးစားအားထုတ်သွားရမည်ဖြစ်ကြောင်း မှာကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် ဌာနအကြီးအကဲများက ဆွေးနွေးမှာကြားကြပြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ဝန်ကြီးဌာနက ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ပြောကြားသည်။

 

သတင်းစဉ်