မန္တလေး ၂၆ ဖေဖော်ဝါရီ
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် မန္တလေးတိုင်းဒေသကြီး ပုံနှိပ်နှင့်ထုတ်ဝေသူလုပ်ငန်းရှင်များက ဆောင်ရွက်နေသည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ် ရိုက်နှိပ်ပြီးစီးမှု အခြေအနေများကို ယနေ့ညနေပိုင်းက မန္တလေးမြို့ရှိ ပုံနှိပ်တိုက်များသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးသည် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်၊ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး(စီမံ) ဦးကျော်ကျော်မွန်၊ မန္တလေးတိုင်းဒေသကြီး ပုံနှိပ်နှင့်ထုတ်ဝေသူ လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးထွန်းထွန်းစိုးတို့နှင့်အတူ ပြည်ကြီးတံခွန်မြို့နယ် ဖိုးရာဇာလမ်းရှိ ထိပ်တန်းပုံနှိပ်လုပ်ငန်းနှင့် ပြည်ကြီးတံခွန်မြို့နယ် ရန်ကုန်-မန္တလေး ကားလမ်း၊ ဖိုးရာဇာလမ်းနှင့် ဧဝရတ်လမ်းကြားရှိ ရတနာပုံသတင်းစာတိုက် ကျောင်းသုံးပုံနှိပ်လုပ်ငန်းသို့ သွားရောက်၍ လုပ်ငန်းပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီးက ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ သတ်မှတ်အချိန်အတွင်း အချိန်မီပြီးစီးရန်နှင့် ပုံနှိပ်အရည်အသွေးပြည့်မီစေရန် အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် မန္တလေးတိုင်းဒေသကြီးမှ ပုံနှိပ်နှင့် ထုတ်ဝေသူများလုပ်ငန်းရှင်များ အချင်းချင်း ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း မှာကြားခဲ့သည်။
မင်းထက်အောင် (မန်းကိုယ်ပွား)


