လွိုင်ကော် ၁၇ ဖေဖော်ဝါရီ
ကယားပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် German Interplast အဖွဲ့မှ နိုင်ငံခြားသားဆရာဝန်များနှင့် ဒေသခံမြန်မာဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများပူးပေါင်းဆောင်ရွက်မှုဖြင့် ကယားပြည်နယ်အတွင်းရှိ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ ခြေပူးလက်ပူးနှင့် မီးလောင်ဒဏ်ရာလူနာများအား အခမဲ့ခွဲစိတ်ကုသပေးမှုကို ယနေ့မွန်းလွဲ ၁ နာရီက လွိုင်ကော်မြို့၊ လွိုင်ကော်ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ ခြေပူးလက်ပူးနှင့် မီးလောင်ဒဏ်ရာလူနာများအား အခမဲ့ခွဲစိတ်ကုသပေးမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာတွင် ယခုအစီအစဉ် အောင်မြင်စွာနှင့် အခက်အခဲမရှိဆောင်ရွက်နိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၂ ရက်တွင် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆေးရုံအုပ်ကြီး ဦးဆောင်သော အထူးကု ဆရာဝန်ကြီးများ၊ ပါဝင်ကူညီဆောင်ရွက်မည့် ပရဟိတအဖွဲ့များ၊ နှီးနွှယ်ဌာနဆိုင်ရာများနှင့် ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ လစ်ဟင်းမှုမရှိစေရေး လုပ်ငန်းစီမံချက်ရေးဆွဲကာ လိုအပ်သော ကော်မတီ၊ ဆပ်ကော်မတီများကိုလည်း ဖွဲ့စည်း၍ စနစ်တကျ ပြင်ဆင်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း၊ ယခုလာရောက်မယ့် German Interplast အဖွဲ့မှာ ခွဲစိတ်ဆရာဝန် (၃)ဦး၊ မေ့ဆေး ဆရာဝန် (၂)ဦးနှင့် သူနာပြု(၂)ဦးတို့ ပါဝင်မည်ဖြစ်ပါကြောင်း၊ လက်ရှိအချိန်အထိ ခွဲစိတ်ကုသမှုခံယူရန် စာရင်းပေးသွင်း ထားသော လူနာ (၁၀ဝ)ခန့် ရှိနေပြီဖြစ်ကြောင်း၊ အဆိုပါ လူနာများ တည်းခိုနေထိုင်ရေးတို့အတွက် ပရဟိတ လူမှုကူညီရေး အသင်းအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုဖြင့် သီတဂူတက်လမ်း စက္ခုဒါနဆေးရုံ(ချိကယ်)တွင် စီစဉ်ဆောင် ရွက်ထားရှိကြောင်း၊ လူနာနှင့်လူနာရှင်များ ဆေးရုံတက်ရောက်ကုသစဉ် စားသောက်ရေးအတွက် ပြည်နယ်အစိုးရ အဖွဲ့၏ ထောက်ပံ့မှုများဖြင့် ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ နယ်ဝေးလူနာများအတွက် သွားလာရာတွင် အခက်အခဲမရှိစေရေး အတွက်လည်း လူနာတင်ယာဉ်(၅)စီးဖြင့် ပရဟိတ လူမှုကူညီရေး အသင်းအဖွဲ့အစည်းများမှ ပူးပေါင်း၍ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ German Interplast အဖွဲ့မှ တာဝန်ရှိသူ Dr Herbert Bauer က ဆေးကုသပေးရခြင်း၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းဆောင်ရွက်မှုများအား အဖွဲ့များ၏ကိုယ်စား မိတ်ဆက်ရှင်းလင်းပြောကြားခဲ့ပြီး ထူးနိုင်လင်း ကုမ္ပဏီဒါရိုက်တာ ဦးသိန်းဝင်း နှင့် မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ် လင်းရွှေစင် ကုမ္ပဏီ တို့မှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ ခြေပူးလက်ပူးနှင့် မီးလောင်ဒဏ်ရာလူနာများအား ဆေးနှင့် ဆေးစစ်ဆေးမှုတွင် အသုံးပြုရန် ငွေကျပ် (၅) သိန်းစီ စုစုပေါင်း ငွေကျပ် (၁၀)သိန်း ကို ပေးအပ်လှူဒါန်းခဲ့ရာ လွိုင်ကော်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာခင်စန်းမြင့် က လက်ခံရယူခဲ့သည်။
ထို့နောက် German Interplast အဖွဲ့က နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ ခြေပူးလက်ပူးနှင့် မီးလောင်ဒဏ်ရာလူနာများ၏ ကျန်းမာရေး ဆေးစစ်ဆေးခြင်းများဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ ခြေပူးလက်ပူးနှင့် မီးလောင်ဒဏ်ရာလူနာများအား အခမဲ့ ခွဲစိတ်ကုသပေးမည့် အစီအစဉ်ကို ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၉ ရက်အထိ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ကယားပြည်နယ် အတွင်းရှိ ရပ်ဝေးရပ်နီး ပြည်သူများမှ မည်သူမဆို လာရောက်ဆေးကုသနိုင်ကြောင်း သတင်းရရှိသည်။
ထွန်းလေး(ပြန်/ဆက်)


