နေပြည်တော် ၁၇ ဖေဖော်ဝါရီ
မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ (၁/၂၀၂၀) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ ညီလာခံခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အထူးစီးပွားရေးဇုန်များ၏ အခန်းကဏ္ဍမှာ အလွန်အရေးပါသည့်အတွက် အထူးစီးပွားရေးဇုန်များ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ (၁/၂၀၂၀) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာ အထူးစီးပွားရေးဇုန်အလိုက် ဆက်လက်ဖွံ့ဖြိုးတိုးတက်နိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီများဖြစ်သည့် သီလဝါ၊ ကျောက်ဖြူ၊ ထားဝယ် စီးပွားရေးဇုန် (၃) ခုမှ တာဝန်ရှိသူများက သက်ဆိုင်ရာဇုန်အလိုက် လက်ရှိဆောင်ရွက် နေမှုများ၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများ၊ ထားဝယ်အထူးစီးပွားရေးဇုန် ကနဉီးစီမံကိန်း လုပ်ငန်းများ၏ Taskforce အဖွဲ့ခေါင်းဆောင်နှင့် ၂ လမ်းသွား ကားလမ်းစီမံကိန်းလုပ်ငန်း၏ Taskforce အဖွဲ့ခေါင်းဆောင်များက ဆောင်ရွက်နေသည့်လုပ်ငန်းစဉ်နှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းအခြေအနေများကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများရှေ့ဆက်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်မှာကြားသည်။
အစည်းအဝေးသို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ အထူး စီးပွားရေးဇုန်စီမံခန့်ခွဲရေးကော်မတီများမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


