နေပြည်တော် ၁၇ ဖေဖော်ဝါရီ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
အစည်းအဝေးသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ (အလုပ်သမားရေးရာ ဆိုင်ရာ) အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက နိုင်ငံတော်၏ ဦးစားပေးလုပ်ငန်းစဉ်ဖြစ်သည့် ပြည်တွင်းနှင့်ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများအတွက် ကောင်းမွန်သည့် လုပ်ငန်းခွင်ဖြစ်စေရေး၊ ဥပဒေနှင့်အညီ ခံစားခွင့်များရရှိစေရေးအတွက် အေဂျင်စီ အဖွဲ့ချုပ်သည် ကြားခံဆောင်ရွက်ပေးသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ လက်ရှိတွင် အေဂျင်စီ အဖွဲ့ချုပ်သည် ပိုမို၍စနစ်ကျပြီး ခိုင်မာသည့်အဖွဲ့အစည်းတစ်ခုဖြစ်လာကြောင်း၊ ထိုင်းနှင့် မလေးရှားနိုင်ငံတို့တွင်ဖြစ်ပွားသည့် အလုပ်သမားရေးရာကိစ္စရပ်များ၌ အေဂျင်စီအဖွဲ့ချုပ်အနေဖြင့် အလုပ်သမားသံအရာရှိနှင့် ပူးပေါင်းဖြေရှင်းဆောင်ရွက်မှုများကို အသိအမှတ်ပြုပါကြောင်း၊ ယနေ့ ခေတ်သည် ပွင့်လင်းမြင်သာသည့်ခေတ်ဖြစ်ရာ အလုပ်သမားများ၏မကျေနပ်ချက်များ၊ အခက်အခဲ တိုင်ကြားမှုများရှိလာကြောင်း၊ အလုပ်သမားရေးရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကောင်းမွန်သည့် ရည်ရွယ်ချက်ဖြင့် မူဝါဒများချမှတ်ထားသော်လည်း အချို့ကိစ္စရပ်များတွင် လက်တွေ့ဆောင်ရွက်ရာ၌ အခက်အခဲအနည်းငယ်ရှိကြောင်း။
ဝန်ကြီးဌာနအနေဖြင့် အေဂျင်စီအဖွဲ့ချုပ်သာမက အေဂျင်စီအားလုံးနှင့်တွေ့ဆုံပြီး ကြုံတွေ့ နေရသည့်အခက်အခဲများကို ညှိနှိုင်းဖြေရှင်းဆောင်ရွက်မည်ဆိုပါက အောင်မြင်မှုများရရှိနိုင် ကြောင်း၊ အလုပ်သမားရေးရာကိစ္စရပ်များကို တစ်ဦးတစ်ဖွဲ့ခြင်းစီဆောင်ရွက်မည်ဆိုပါက အခက်အခဲများစွာရှိ၍ သက်ဆိုင်သူများအားလုံး အဖွဲ့အစည်းများအားလုံးဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ ညှိနှိုင်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အေဂျင်စီများကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်နေခြင်းဖြစ်ပြီး မလွဲမရှောင်သာ၍ အရေးယူရသည်များရှိရာ လုပ်ငန်းဆောင်ရွက်မှုအပိုင်းများတွင် နားလည်ပေးစေလိုကြောင်း၊ အေဂျင်စီအဖွဲ့ချုပ်၏ အခက်အခဲများ၊ လိုအပ်ချက်များကို ဝန်ကြီးဌာနသို့ အချိန်မရွေးလာရောက်၍ ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြနိုင်ကြောင်း၊ အကြံပြုချက်များရှိပါကလည်း အကြံပြုနိုင်ကြောင်း၊ အလုပ်သမားအကျိုး၊ အေဂျင်စီ၏အကျိုး၊ နိုင်ငံ၏အကျိုးဖြစ်ထွန်းစေရေး အားလုံးဝိုင်းဝန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များက လုပ်ငန်းကော်မတီအလိုက် လက်ရှိလုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့်ကြုံတွေ့ရသည့်အခက်အခဲများ ဝန်ကြီးဌာနမှ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ချက်များအား ပြန်လည်တင်ပြရာ ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြား ရေးမှူးချုပ်တို့က ပြန်လည်ရှင်းလင်း၍ လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


