ရန်ကုန် ၁၇  ဖေဖော်ဝါရီ

 

သတ္တမအကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ လယ်ယာသုံးစက်ကိရိယာပြပွဲ ၂၀၂၀ ကို မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းနှင့် ဌာနဆိုင်ရာများကကြီးမှူး၍ ဖေဖော်ဝါရီ ၂၉ ရက်မှ မတ်၂ ရက်အထိ နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ သုံးရက်တိုင်တိုင် ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ မင်းနန္ဒာလမ်း၊ Fortune Plaza၊ Myanmar Expo Hall တွင် ကျင်းပမည်ဖြစ်ကြောင်း ယနေ့ UMFCCI ၌ ပြုလုပ်သည့် ပြခန်းများခင်းကျင်းရေး အစည်းအဝေးမှ သိရသည်။

 

ပြပွဲတွင် နိုင်ငံတကာမှ လယ်ယာသုံးစက်ပစ္စည်းကိရိယာများ၊ စိုက်ပျိုးရေးသုံးပစ္စည်းများ၊ လယ်ယာထွက်ကုန်များ ပြခန်းပေါင်း ၁၅၀ ခန့်ကို ခင်းကျင်းပြသမည်ဖြစ်ပြီး၊ ပဉ္စမအကြိမ်လယ်တောသူ အလှမယ်ပြိုင်ပွဲနှင့် ဒုတိယအကြိမ် ကျေးလက်သံစဉ် ကျေးလက်တေးသီချင်းဆိုပြိုင်ပွဲ၊ ဟောပြောပွဲ၊ ဖျော်ဖြေပွဲများနှင့် ကံစမ်းမဲအစီအစဉ်များ ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။

 

“(၅) ကြိမ်မြောက် လယ်တောသူပြိုင်ပွဲတွင် Winner ဆုရှင်အား ရွှေတံဆိပ်သရဖူဆုကို အပိုင်ပေးတာပါ၊ အရင်နှစ်တွေက ထိုင်း၊ တရုတ် ယူနန်ကိုသွားတယ်၊ ဒီနှစ်တော့ တရုတ်မသွားတော့ဘူး၊ Winner ဆုရသူက ကျပ်သိန်း(၅၀) ကိုရီးယားနိုင်ငံနဲ့ အီတလီ တစ်ခုခုကို လည်ပတ်ဖို့ပါတယ်၊ ဒုတိယဆု ကျပ် သိန်း ၃၀ နဲ့ ပြည်ပခရီးစဉ်၊ တတိယဆု ကျပ်သိန်း ၂၀ နဲ့ ပြည်ပခရီးစဉ်ပါမယ်၊ ကျေးလက် သီချင်းတွေ ပြန်လည်ဖော်ထုတ်ဖို့ ပြိုင်ပွဲပါတယ်၊ အခုမယ်ဒလင်နဲ့ လေ့ကျင့်နေတာရှိပါတယ်၊ နယ်မြို့တွေက လေ့လာလိုတဲ့ တောင်သူလယ်သမားတွေကိုလာရောက်ဖို့ နေထိုင်တည်းခိုရေး တာဝန်ယူပေးဖို့အတွက် သက်ဆိုင်ရာအဖွဲ့တွေနဲ့ ဆွေးနွေးနေပါတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်သူများ အသင်းဥက္ကဋ္ဌ ဦးစိန်ဝင်းလှိုင် ကပြောသည်။

 

၂၀၁၉ ခုနှစ်က လယ်တောသူပြိုင်ပွဲ မကျင်းပခဲ့သော်လည်း စတုတ္ထမြောက် လယ်တောသူအလှမယ် သရဖူဆုရှင် Winner မှာ ကချင်ပြည်နယ်မှ ရရှိခဲ့ကြောင်း သိရသည်။

သန့်ဇင်ဝင်း