မြန်မာ့ရိုးရာ စက္ကူအရုပ်ကလေးများ နှစ်(၁၀၀)ကျော်တိုင်အောင် တွင်ကျယ်စွာလုပ်ကိုင်လျက်ရှိ

စစ်ကိုင်း ၂၈  ဇန်နဝါရီ

 

မြန်မာ့ရိုးရာ ဇီးကွက်ရုပ်၊ ဖိုးဝရုပ်၊ ဆင်ရုပ်၊ မြင်းရုပ်စသည့် စက္ကူရုပ်လေးများကို စစ်ကိုင်းမြို့၊ ငါးထပ်ကြီးဘုရားအနီးရှိ ညောင်ကုန်း၊ ကန္ဒားတော်၊ ဂုံညင်းထောင်ရွာများတွင် တွင်ကျယ်စွာ လုပ်ကိုင်လျက်ရှိသည်မှာ နှစ်(၁၀၀)ကျော်တိုင်အောင် ရှိပြီဖြစ်သည်။

 

4

 

“ ဒီလုပ်ငန်းကို အဘွားရဲ့အမေ လက်ထက်ကတည်းက ပြုလုပ်ခဲ့တာဆိုတော့ နှစ် (၁၀၀) ကျော်နေ ပါပြီ။ အရင်ကဆို ရွာမှ အရုပ်လုပ်တဲ့သူတွေက ၅ ဦးလောက်ပဲ ရှိတာ။ အခုဆို ၁၀ ဦး ၁၅ ဦး လောက် ထိ တိုးလာတယ်။ ကုန်ကြမ်း စက္ကူဈေးတွေက တိုးလာတယ်။ အရင်က ဘိလပ်မြေစက္ကူ ၁ ပိဿာကို ၂၀၀ နဲ့ ဝယ်ရတာကနေ ၄၀၀ထိ ဈေးတက်သွားတယ် ” ဟု ကနားတော်ရွာတွင် နေထိုင်သူ ဒေါ်ခင်မာရီက ပြောသည်။

 

မြန်မာ့ရိုးရာ စက္ကူရုပ်လုပ်ငန်းတွင် ကုန်ကြမ်းများမှာ ဘိလပ်မြေစက္ကူ၊ သတင်းစာ စက္ကူ၊ ၊ ဆန်မှုန့်ကို ရေဖြင့် ခပ်ပျစ်ပျစ် ကျိုထားသည့် ကော်များဖြစ်ပြီး စစ်ကိုင်း၊ မန္တလေး၊ ပုဂံ၊ ညောင်ဦးနှင့် မြန်မာနိုင်ငံ အနှံ့အပြားသို့ တင်ပို့ရောင်းချရကြောင်း သိရသည်။

 

“ အရင်က သစ်သားရုပ်လေးတွေကို အဓိကထားလုပ်တာ။ အခုက သစ်သားနဲ့လုပ်တဲ့ အရုပ်လေးတွေ ပျောက်သွားပြီဆိုတော့ စက္ကူရုပ်လေးတွေပဲ ရှိတော့တယ်။ ကုန်ကြမ်းဖြစ်တဲ့ ဘိလပ်မြေ စက္ကူ တွေလည်း ရှားသွားတော့ သတင်းစာစက္ကူပါ နည်းနည်းကူရတာပေါ့။ အရင်ကလို ဘိလပ်မြေတွေက စက္ကူနဲ့မလာတော့ဘူး ပလတ်စတစ်တွေနဲ့ တစ်ထပ်ဆိုတော့ ကုန်ကြမ်း အခက်ခဲရှိလာတယ်။ သတင်းစာဆိုတော့ ပါးပြီး ပုံလုပ်တော့ကျ နည်းနည်းပျော့သွားတာပေါ့” ဟု ကန္ဒားတော်ရွာတွင် စက္ကူရုပ်လုပ်ငန်း လုပ်ကိုင်သူ တစ်ဦးမှ ပြောသည်။

 

8

 

မြန်မာ့ရိုးရာ ဇီးကွက်ရုပ်၊ ဖိုးဝရုပ်၊ ဆင်ရုပ်၊ မြင်းရုပ်စသည့် စက္ကူရုပ်လေးများကို ဘုရားပွဲ၊ အလှူပွဲ၊ ကထိန်ပွဲရာသီများဖြစ်သော တပို့တွဲ၊ တပေါင်းနှင့် တန်ခူးလများတွင် ရောင်းအားကောင်းပြီး နတ်တော်နှင့် ပြာသိုလများတွင် အရောင်းပါးကြောင်း၊ အရွယ်အစားကို လိုက်၍ ဇီးကွက်ရုပ် တစ်ရုပ်လျှင် ငွေကျပ် ၁၅၀ မှ ၁၀၀၀၀ ကျော်ထိ လည်းကောင်း၊ ဖိုးဝရုပ် တစ်ရုပ်လျှင် ငွေကျပ်  ၃၀၀ ကျပ်မှ ၂၅၀၀ ထိလည်းကောင်း၊ ဆင်ရုပ်တစ်ရုပ်လျှင် ငွေကျပ်  ၅၀၀ မှ ၃၀၀၀ ကျော်ထိ လည်း ကောင်း၊ နွားရုပ်တစ်ရုပ်လျှင် ငွေကျပ်  ၆၀၀ မှ ၁၀၀၀ ကျော်ထိ လည်းကောင်း ဈေးနှုန်းအသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

 

9

 

တင်ဇာလှိုင်