စေတုတ္တရာ ၂၇ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စေတုတ္တရာမြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်စေရန်နှင့် ဉာဏ်ရည်ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ အားကစားဆိုင်ရာ သိကောင်းစရာများ ဟောပြောပွဲနှင့် Myanmar Fitness Dance အကများဖြင့် ပညာပေးသရုပ်ပြဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဟောပြောပွဲတွင် အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးမှူး ဦးမြတ်စိုးလင်းက အားကစားပြုလုပ်ခြင်းဖြင့် ကိုယ်ကာယကျန်းမာကြံ့ခိုင်စေသည့် အကျိုးကျေးဇူးများအကြောင်းနှင့် အားကစားပြုလုပ်ရာတွင် ဆောင်ရန်ရှောင်ရန်များကို ပညာပေးဆွေးနွေးဟောပြောသည်။
ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းပြ(နည်းစနစ်မှူး) ဒေါ်ခင်မို့မို့လွင်က ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး(Myanmar Fitness Dance)အက သရုပ်ပြခြင်းများကို ပညာပေးသရုပ်ပြသ ဆောင်ရွက်ရာ ကျောင်းသား ကျောင်းသူ ၁၅၀ ခန့် ပါဝင်ဆင်နွှဲခဲ့ကြောင်းသိရသည်။
ခင်သန်းလှိုင်(ပြန်/ဆက်)