မျိုးစေ့ပြပွဲ ၂၀၂၀ (2020 SEED FAIR) ကျင်းပမည် 

နေပြည်တော်  ၂၅   ဇန်နဝါရီ 

မျိုးစေ့ပြပွဲ ၂၀၂၀ (2020 SEED FAIR) ကို ဇန်နဝါရီ ၂၈ ရက်မှ ၃၀ ရက်အထိ နေပြည်တော် ပျဉ်းမနားမြို့ရှိ စိုက်ပျိုးရေးသိပ္ပံကျောင်းစိုက်ကွင်း၌ နံနက် ၇ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး မည်သူမဆိုအခမဲ့ ဝင်ရောက်လေ့လာနိုင်ကြောင်း သိရသည်။ 

ပြပွဲတွင် ဌာနဆိုင်ရာနှင့် ပုဂ္ဂလိကပြခန်းများ၊ မျိုးစေ့၊ ပျိုးပင် အမျိုးပေါင်း (၁၅၀) ကျော် ခင်းကျင်းပြသမည်ဖြစ်ပြီး လယ်ယာသုံးစက်ကိရိယာကုမ္ပဏီ အရောင်းပြခန်းများလည်း ပါဝင်မည်ဖြစ်ကြောင်း၊  ထို့ပြင် စိုက်ပျိုးရေးဦးစီးဌာနက ထုတ်ဝေထားသည့် မိုဘိုင်းဆော့ဝဲများကို အခမဲ့ထည့်သွင်းပေးခြင်း၊ ဆော့ဝဲသုံးစွဲနည်း ပြသပေးခြင်းတို့ကိုလည်း ကျွမ်းကျင်သူများက ဆောင်ရွက်ပေးသွားမည်ဖြစ်၍ အသေးစိတ်သိရှိလိုပါက ဖုန်း - ဝ၉၄၄၈၅၃၇၄၈၆၊ ဝ၆၇ -၄၁၀၃၂၈ တို့ကို စုံစမ်းနိုင်ကြောင်း မျိုးစေ့ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းကြည်က ပြောသည်။

သီးနှံပင်များ၏ ကျန်းမာသန်စွမ်းမှု၊ ရာသီဥတုနှင့် ပိုးမွှားရောဂါဒဏ်ခံနိုင်မှု၊ စိုက်ပျိုးရေးထွက်ကုန်များ၏ အရည်အသွေးကောင်းမွန်မှုတို့သည် အဆိုပါသီးနှံပင်ကို စတင်စိုက်ပျိုးလိုက်သည့် မျိုးစေ့၏ အရည်အသွေးအပေါ်တွင် အဓိကတည်မီလျက်ရှိရာ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအနေဖြင့် မျိုးကောင်း၊ မျိုးသန့် မျိုးစေ့များကို လက်လှမ်းတမီ လွယ်ကူစွာ သုံးစွဲနိုင်ကြစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး တောင်သူများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် မျိုးစေ့ကဏ္ဍတွင် ပါဝင်ပတ်သက်သူများ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရန် ယခုပြပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း မျိုးစေ့ဌာနခွဲမှ သိရသည်။  

မွှေးကြူဇင်