ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ ပြည်တွင်းရွှေဈေး ကျပ် ၁၂၀၀၀၀၀ ကျော်အထိ ပြန်လည်မြင့်တက်

၈ ဇန်နဝါရီ

ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ ပြည်တွင်းရွှေဈေး ကျပ် ၁၂၀၀၀၀၀ ကျော်အထိ ပြန်လည်မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

လက်ရှိ ပြည်တွင်းရွှေဈေးကွက်အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၂၃၂၇၀၀ ကျပ်ရှိပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၅၈၀ ဒေါ်လာရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ပြည်တွင်းရွှေဈေး အတက်အကျသည် ကမ္ဘာ့ရွှေဈေးအတက်အကျပေါ်တွင် မူတည်နေပြီး လက်ရှိကမ္ဘာ့ရွှေဈေးမှာ အတက်ကြမ်းနေကာ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၁ ရက်တွင် ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၄၇၇ ဒေါ်လာရှိရာမှ နှစ်ပတ်ကျော်အကြာ ဇန်နဝါရီ ၈ ရက်တွင်မူ ၁၅၈၀ ဒေါ်လာအထိ ဖြစ်ပေါ်ခဲ့ပြီး ဒေါ်လာ ၁၀၀ ကျော် ခုန်တက်ခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ထိုသို့ ကမ္ဘာ့ရွှေစျေးမြှင့်တက်လာသော်လည်း ဒေါ်လာငွေကြေးလဲလှယ်နှုန်း ကျဆင်းနေပြီး ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၁ ရက်တွင် တစ်ဒေါ်လာလျှင် ၁၅၀၅ ကျပ်ရှိရာမှ နှစ်ပတ်ကျော်အကြာ ဇန်နဝါရီ ၈ ရက်တွင်မူ ၁၄၇၀ ကျပ်အထိ ဖြစ်ပေါ်ခဲ့သည့်အတွက် ကျပ် ၃၀ ကျော် ကျဆင်းခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် နှစ်စမှစ၍ ပြည်တွင်းရွှေဈေးမှာ ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ စံချိန်တင်အဖြစ် တစ်ဆင့်ပြီးတစ်ဆင့် ချိုးခဲ့ရာ၂၀၁၉ ခုနှစ် နှစ်စ ဇန်နဝါရီ ၁၇ ရက်မှ  ဖေဖော်ဝါရီ ၂၁ ရက်အတွင်း ကျပ် ၁၀၀၀၀၀၀ ကျော်၊ ဇွန် ၂၂ ရက်မှ သြဂုတ် ၅ ရက်အတွင်း ၁၁၀၀၀၀၀ ကျော်၊ သြဂုတ် ၇ ရက်မှ စက်တင်ဘာ ၄ ရက်အတွင်း ၁၂၀၀၀၀၀ ကျော်အထိ စံချိန်သစ်များ အသီးသီးဖြစ်ပေါ်ခဲ့ပြီး  စက်တင်ဘာ ၅ ရက်တွင်မူ ယခင်ချိုးထားသည့် စံချိန်များထက် ကျော်လွန်၍ ကျပ် ၁၃၀၀၀၀၀ ကျော်အထိ ဖြစ်ပေါ်ခဲ့သဖြင့် သမိုင်းတစ်လျှောက် အမြင့်ဆုံးစံချိန် ဖြစ်ခဲ့သည်။

ပြီးခဲ့သည့် လေးလက ရွှေဈေးကို ပြန်ကြည့်မည်ဆိုလျှင် စက်တင်ဘာတွင် ပြည်တွင်းရွှေဈေးမှာ အနိမ့်ဆုံးနှုန်း ကျပ် ၁၂၂၃၈၀၀ (စက်တင်ဘာ ၁၄ ရက်) နှင့် အမြင့်ဆုံးနှုန်း ကျပ် ၁၃၀၇၀၀၀ (စက်တင်ဘာ ၅ ရက်)၊ အောက်တိုဘာတွင် ပြည်တွင်းရွှေဈေးမှာ အနိမ့်ဆုံးနှုန်း ကျပ် ၁၂၁၁၅၀၀ (အောက်တိုဘာ ၁ ရက်) နှင့် အမြင့်ဆုံးနှုန်း ကျပ် ၁၂၂၉၀၀၀ (အောက်တိုဘာ ၁၀ ရက်)၊ နိုဝင်ဘာတွင် ပြည်တွင်းရွှေဈေးမှာ အနိမ့်ဆုံးနှုန်း ကျပ် ၁၁၇၃၀၀၀ (နိုဝင်ဘာ ၂၈ ရက်) အမြင့်ဆုံးနှုန်း ကျပ် ၁၂၁၉၄၀၀ (နိုဝင်ဘာ ၂ ရက်)နှင့် ဒီဇင်ဘာတွင် ပြည်တွင်းရွှေဈေးမှာ အနိမ့်ဆုံးနှုန်း ကျပ် ၁၁၇၀၈၀၀ (ဒီဇင်ဘာ ၃ ရက်) အမြင့်ဆုံးနှုန်း ကျပ် ၁၁၉၇၈၀၀ (ဒီဇင်ဘာ ၂၈ ရက်) တို့ဖြစ်ကြောင်း ရွှေရောင်း၀ယ်သူများထံမှ သိရသည်။ 

ငြိမ်းငြိမ်း