သထုံ ၂၆ ဒီဇင်ဘာ
ကရင်သက္ကရာဇ် ၂၇၅၉ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက်နေ့တွင်ကျရောက်သည့် ကရင်တိုင်းရင်းသားတို့၏ ရိုးရာနှစ်သစ်ကူးပွဲတော်ကို မွန်ပြည်နယ်၊ သထုံမြို့၊ သိမ်ကုန်းရပ်ကွက်ရှိ နှစ်သစ်ကူးပွဲတော်ကွင်းပြင်၌ ယနေ့နံနက်က စည်ကားစွာ ကျင်းပခဲ့သည်။
နံနက် ၅ နာရီတွင် ကရင်တိုင်းရင်းသား အလံတော်လွှင့်တင်ခဲ့ပြီး နံနက် ၇ နာရီမှစတင်၍ နှစ်သစ်ကူး မင်္ဂလာအခမ်းအနားကို ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံမှ ကရင်အမျိုးသား နှစ်သစ်ကူးနေ့အတွက် ပေးပို့သော သဝဏ်လွှာအား မွန်ပြည်နယ် ပအိုဝ်းတိုင်းရင်းသား ရေးရာဝန်ကြီး နန်းစံဝင့်ခိုင်က ဖတ်ကြားခဲ့သည်။ ပြည်နယ် ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး၏ သဝဏ်လွှာကို သထုံမြို့နယ် ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးစောဘသိန်းက ဖတ်ကြားသည်။
(၁)
အဆိုပါ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်တွင် အသက် ၈၀ နှင့်အထက် သက်ကြီးဘိုးဘွားများအား လှူဖွယ်ပစ္စည်းများဖြင့် ပူဇော်ကန်တော့ခဲ့ကြပြီး ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းကို ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများအား ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။ ယင်းနောက် သထုံမြို့နယ်အတွင်းရှိ ကျေးရွာများမှ ကိုယ်စားပြု ယိမ်းအဖွဲ့များက ရိုးရာဒုံးယိမ်းအကများဖြင့် ဧည့်ခံဖျော်ဖြေကြသည်။
(၂)
သထုံမြို့နယ်အဆင့် ကရင်နှစ်သစ်ကူးပွဲတော်ကို ဒီဇင်ဘာလ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ရိုးရာဒုံးယိမ်းပြိုင်ပွဲများ၊တိုင်းရင်းသူ အလှမယ်ရွေးချယ်ခြင်း၊ ရိုးရာလက်ဝှေ့ပွဲ၊ ဇာတ်သဘင်၊စတိတ်ရှိုးဖျော်ဖြေပွဲများ၊ စာပေနှင့်ယဉ်ကျေးမှု ပြခန်းများနှင့် စတုဒီသာ ကျွေးမွေးခြင်း တို့ဖြင့် စည်ကားစွာ ကျင်းပသွားမည်ကြောင်း မြို့နယ်ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ သိရသည်။
သက်ဦး(သထုံ)


