မန္တလေး ၂၅ ဒီဇင်ဘာ 

မန္တလေးတောင်ပေါ်ရှိ ရသေ့ကြီး ဦးခန္တီ သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ရန် အလှူခံမဏ္ဍပ်အဖြစ် အသုံးပြုခဲ့သည့် သမိုင်းဝင် ဗြန့်ကြီးနေရာအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် လာမည့် ၂၀၂၀ ခုနှစ်တွင် အကြီးစား ပြုပြင်မွမ်းမံမှုလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတောင်တော် ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွန်းက ပြောသည်။

 

40124

 

လက်ရှိတွင် အဆိုပါ ဗြန့်ကြီးမှာ နှစ်ကာလ ကြာမြင့်လာသည်နှင့်အမျှ ယိုယွင်းပျက်စီးမှုများ ဖြစ်ပေါ်လာမှုကြောင့် အန္တရာယ်ရှိ အဆောက်အအုံနေရာအဖြစ် သတ်မှတ်ကာ ဘုရားဖူးလာပြည်သူများ ဝင်ရောက်ခွင့်ကို ကန့်သတ်တားမြစ်ထားကြောင်း သိရသည်။

 

17137

 

“မန္တလေးတောင်ပေါ်က ဗြန့်ကြီးနေရာက အရင်ရသေ့ကြီး ဦးခန္တီ မန္တလေးတောင်တော်နဲ့ မြန်မာပြည်အနှံ့အပြားမှာ သာသနာပြုလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ အဓိက အလှူခံခဲ့တဲ့ သမိုင်းဝင်နေရာ ဖြစ်ပါတယ်။ ဒီနေရာကို ဂေါပကအဆက်ဆက် ပြုပြင်မွမ်းမံဖို့ ကြိုးစားခဲ့ပေမယ့် ကျွန်တော်တို့ ဂေါပကအဖွဲ့လက်ထက်မှာ တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ဦးဆောင်မှုနဲ့အတူ အကြီးစားပြုပြင်မှု လုပ်ငန်းတွေကို လာမည့် ၂၀၂၀ ခုနှစ်မှာ တင်ဒါခေါ်ပြီး စတင်လုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။ ပြုပြင်မှုလုပ်ငန်းတွေ အနေနဲ့ကတော့ ရှေးမူမပျက်ပဲ ပျက်စီးယိုယွင်းနေတဲ့ အုတ်အမိုးတွေ ကြမ်းခင်းတွေ သံတိုင်တွေကို ပြန်လည်ပြုပြင်ပြီး ဘုရားဖူးလာပြည်သူတွေ နားနေနိုင်အောင် ကြံ့ခိုင်မှုကို ဦးစားပေးပြီး ပြုပြင်သွားမှာပါ”ဟု ၎င်းက ပြောသည်။

ထို့ပြင် အဆိုပါဗြန့်ကြီးနေရာနှင့်အတူ မန္တလေးတောင်တော် ဘက်စုံပြုပြင်မှုလုပ်ငန်းများအဖြစ် တောင်ပေါ်ရှိ မြေကြီးနှစ်ကောင်နေရာ၏ အနောက်မြောက်ထောင့်တွင် နိုင်ငံတကာခရီးသွားများနှင့် ပြည်တွင်းခရီးသွားများ အပန်းဖြေအနားယူနိုင်စေရန် သုံးထပ်ဆောင်တစ်ခုကိုလည်း တည်ဆောက်ပေးသွားမည်ဖြစ်ပြီး ဓာတ်လှေကားနှင့် စက်လှေကားများ တိုးချဲ့တပ်ဆင်သွားရန်လည်း စစ်တမ်းများ ကောက်ယူနေကြောင်း သိရသည်။

အဆိုပါပြုပြင်မွမ်းမံမှုများ ဆောင်ရွက်ရာတွင် ဗြန့်ကြီးနေရာအား ခေတ်အဆက်ဆက် ပြုပြင်လှူဒါန်းခဲ့ကြသည့် အလှူရှင်များ အနေဖြင့်လည်း ယခု အကြီးစားပြုပြင်မှုတွင် ပါဝင်လှူဒါန်းနိုင်ရန် ယခင်လှူဒါန်းခဲ့သည့် အလှူရှင်စာရင်းများကို ပြုစုထားပြီးဖြစ်၍ မန္တလေးတောင်တော် ဂေါပကရုံးခန်းသို့ တိုက်ရိုက်လာရောက် လှူဒါန်းနိုင်ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)