နေပြည်တော် ၂၄ ဒီဇင်ဘာ

အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီ၏ စတုတ္ထအကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး ကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက ကော်မတီသည် သဘောတူညီချက်ပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ခြင်းနှင့် ပြည်တွင်းညှိနှိုင်းဆောင်ရွက်ခြင်း လုပ်ငန်းစဉ်နှစ်ခုစလုံးကို ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ ကော်မတီ၏ မူလမျှော်မှန်းချက်ဖြစ်သည့် သဘောတူညီချက်ပါ လုပ်ငန်းအစီအမံများကို အကောင်အထည်ဖော်ခြင်းအပြင် အခြားသော အစိုးရ-ပုဂ္ဂလိက အဖွဲ့အစည်းများအကြား ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးဆိုင်ရာ မူဝါဒများ၊ လုပ်ငန်းစဉ်များနှင့်ဆက်စပ်သည့် ဆက်သွယ်ဆောင်ရွက်မှုများ တိုးတက်လာစေရန် ကော်မတီက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပူးတွဲဥက္ကဋ္ဌဖြစ်သည့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အမှာစကားပြောကြားပြီး Trade Facilitation Agreement အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် ဖွဲ့စည်းထားသည့် လုပ်ငန်းအဖွဲ့များ၏ အတွင်းရေးမှူးများဖြစ်သော အကောက်ခွန်ဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးများက လုပ်ငန်းအဖွဲ့အလိုက် တာဝန်ယူထားသည့် လုပ်ငန်းအစီအမံများကို တိုးတက်အောင် ဆောင်ရွက်နိုင်မှုအား ရှင်းလင်းတင်ပြခဲ့ကြရာ ဥက္ကဋ္ဌနှင့် ပူးတွဲဥက္ကဋ္ဌတို့က ၂၀၂၀ ပြည့်နှစ်၊ ပထမသုံးလပတ်နှင့် ဒုတိယသုံးလပတ် ကာလများအတွင်း ဆောင်ရွက်သွားရန် လုပ်ငန်းစဉ်များကို လမ်းညွှန်မှာကြားသည်။

အစည်းအဝေးသို့ အစိုးရနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများက ကော်မတီဝင်များနှင့် ဘာသာရပ် တာဝန်ခံ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်