နေပြည်တော် ၂၄ ဒီဇင်ဘာ

လူဦးရေခန့်မှန်းခြင်း (၁၉၈၃-၂၀၁၄) သုတေသနအစီရင်ခံစာ (Population Estimates: 1983-2014) ထုတ်ပြန်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပသည်။

အခမ်းအနားတွင် ဗဟိုသန်းခေါင်စာရင်းကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းမတိုင်မီ နှစ် ၃၀ ကျော် လူဦးရေခန့်မှန်းခဲ့ရခြင်းကြောင့် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းလူဦးရေကို ထုတ်ပြန်ရာတွင် ယခင်ခန့်မှန်း တွက်ချက်ထားသည့် လူဦးရေစာရင်းနှင့် များစွာကွာခြားခဲ့သည်ကို တွေ့ရှိရကြောင်း၊ ယင်းကဲ့သို့ ကွာခြားသွားသည့်အတွက် နှစ်အလိုက်လူဦးရေကို အခြေခံတွက်ချက်ရသည့် အညွှန်းကိန်းများ၌ အကျိုးသက်ရောက်နိုင်ပါကြောင်း၊ အလားတူ ကာလအလိုက် ပြောင်းလဲခြင်းများကို လေ့လာရာတွင်လည်း အခြေအနေမှန်နှင့် ကွဲလွဲနိုင်ပါကြောင်း၊ ထို့ကြောင့် ၁၉၈၃ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်းရှိ နှစ်အလိုက်လူဦးရေကို ပြန်လည်ခန့်မှန်း တွက်ချက်ရန် လိုအပ်လာသည့်အတွက် ယခုကဲ့သို့ ၁၉၈၃ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ လူဦးရေခန့်မှန်းခြင်း သုတေသနအစီရင်ခံစာကို ပြည်တွင်း/ပြည်ပ လူဦးရေပညာရှင်များဖြင့် ပူးပေါင်းရေးသားပြုစုကာ ထုတ်ပြန်ပေးခြင်းဖြစ်ကြောင်း၊ ယခုအစီရင်ခံစာကို ပြည်သူ့အင်အားဦးစီးဌာနက UNFPA နှင့် World Bank တို့၏ နည်းပညာအကူအညီဖြင့် ရေးသားပြုစုခဲ့ခြင်းဖြစ်ကြောင်း၊ အစီရင်ခံစာပြုစုရာတွင် ၁၉၈၃ ခုနှစ် လူဦးရေကိုအခြေခံ၍ စစ်တမ်းများမှရရှိသည့် မွေးနှုန်း၊ သေနှုန်း၊ ပြောင်းရွှေ့သွားလာနှုန်းများနှင့် ကုလသမဂ္ဂမှ ထုတ်ပြန်သည့် လူဦးရေကိန်းဂဏန်း အချက်အလက်များကို ထည့်သွင်းစဉ်းစား တွက်ချက်ထားခြင်းကြောင့် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း လူဦးရေနှင့် အနီးစပ်ဆုံး ကိုက်ညီမှု ရှိသည်ကိုတွေ့ရှိရပြီး ကုလသမဂ္ဂမှ ထုတ်ပြန်ထားခဲ့သည့် လူဦးရေနှင့် အနီးစပ်ဆုံး တူညီမှုရှိသည်ကို တွေ့ရှိရကြောင်း။

လူဦးရေခန့်မှန်းခြင်းနှင့် သုတေသန အစီရင်ခံစာများ ထုတ်ပြန်ပေးခြင်းသည် စာရင်းအင်းအချက်အလက် ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် မဟာဗျူဟာကို အကောင်အထည်ဖော်ခြင်း ဖြစ်သကဲ့သို့ စာရင်းအင်း အသုံးပြုသူများအနေဖြင့် နှစ်ရှည် Time Series ဖြင့် ဖော်ပြရမည့် အကြောင်းအရာများ တွက်ချက်ရာတွင် အသုံးဝင်မည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့ဌာန အနေဖြင့် သန်းခေါင်စာရင်း အချက်အလက်များကို မျှဝေရာတွင် Online နှင့် Offline နှစ်ခုလုံးဖြင့် ဆောင်ရွက်လျက်ရှိပြီး ယခုထုတ်ပြန်သည့် လူဦးရေ ကိန်းဂဏန်း အချက်အလက်များကို အသုံးပြု၍ မြန်မာနိုင်ငံ၏ လူဦးရေနှင့် လူမှုစီးပွား အခြေအနေများကို အတိတ်၊ ပဇ္စုပ္ပန်နှင့် အနာဂတ်ကာလများအတွက် ဆန်းစစ်လေ့လာသုံးသပ်နိုင်ခြင်းကြောင့် နိုင်ငံတော်နှင့် စာရင်းအင်းအချက်အလက် အသုံးပြုသူများအတွက် များစွာအကျိုးရှိမည်ဟု ယုံကြည်ပါကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) ဌာနေကိုယ်စားလှယ် Mr. Ramanathan Balakrishnan က လူဦးရေခန့်မှန်းခြင်း သုတေသန အစီရင်ခံစာထုတ်ပြန် နိုင်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးမှုများ၊ ပြည်သူ့အင်အားဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဝင်းဇော်အောင်နှင့် တာဝန်ရှိသူများက လူဦးရေခန့်မှန်းခြင်း၊ (၁၉၈၃-၂၀၁၄) သုတေသနအစီရင်ခံစာ ပြုစုထုတ်ပြန်ခြင်းနှင့် အစီရင်ခံစာပါ ရလဒ်များကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသူများ၏ သိရှိလိုသည်များကို ပြန်လည်ရှင်းလင်းဖြေကြားကြသည်။

သတင်းစဉ်