မြန်မာ့ထွက်ကုန်ကြယ်ပဲအား  ပြည်တွင်း၌ ရောင်းချနိုင်ရန် အဆင့်မြင့်ထုတ်ကုန် ပစ္စည်းအဖြစ် ထုတ်လုပ်

မန္တလေး ၂၂ ဒီဇင်ဘာ

 

ပြည်ပဈေးကွက်ကိုသာ မှီခိုနေရသည့် မြန်မာ့ထွက်ကုန်ကြယ်ပဲအား ပြည်တွင်း၌ ရောင်းချနိုင်ရန် အဆင့်မြင့်ထုတ်ကုန် ပစ္စည်းအဖြစ် ထုတ်လုပ်၍ ဝယ်ယူပေးလျက်ရှိကြောင်း မန္တလေးမြို့ရှိ ရွှေနဒီအလှကုန်လုပ်ငန်းထံမှ သိရသည်။

 

''မြန်မာနိုင်ငံက ထွက်တဲ့ ကြယ်ပဲကို ကိုရီးယားနိုင်ငံက မဝယ်တော့လို့ ကြယ်ပဲဈေးတွေ ကျဆင်းသွားတဲ့အတွက် တချို့တောင်သူတွေဆိုရင် အပင်တွေ ခုတ်လှဲနေကြပြီ။ ဒါကြောင့် ပြည်ပဈေးကွက်တစ်ခုတည်းကို မှီခိုနေဖို့မလိုအောင် အဆင့်မြင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ပြီး ပြည်တွင်းမှာလည်း စဉ်ဆက်မပြတ် ဝယ်ပေးသလို ဈေးကောင်းလည်း ပေးဝယ်ပါတယ်။ ကြယ်ပဲရောင်းချလိုသူတွေအနေနဲ့ ကျွန်မတို့ ဖွင့်လှစ်ထားတဲ့ မန္တလေးမြို့က ၈၁ လမ်း၊ ၁၄ လမ်းနဲ့ ၁၅ လမ်းကြားက ဆိုင်မှာ လာရောက်ရောင်းချနိုင်ပါတယ် ''ဟု ၎င်း အလှကုန်လုပ်ငန်းပိုင်ရှင် မသင်းသင်းနွယ်က ပြောသည်။

 

အဆိုပါအလှကုန်လုပ်ငန်းမှ ကြယ်ပဲမှ တစ်ဆင့် အဆင့်မြင့်ထုတ်ကုန်များအဖြစ် တင်းတိပ် အမဲစက်များနှင့် အဆီအဖုများ ပျောက်ကင်းသည့် လိမ်းဆေးအမှုန့်၊ ခေါင်းလျှော်ရည်၊ မျက်နှာပေါင်းတင်ဆေးရည်၊ ဆပ်ပြာ၊ ဆံပင်သန်ဆေး၊ မျက်နှာပြင် လိမ်းဆေးတို့ကို ထုတ်လုပ်လျက်ရှိသည့်အပြင် မကြာမီ ခန္ဓာကိုယ်တွင် လိမ်းနိုင်သည့် (body Lotion) ကိုလည်း ထုတ်လုပ်ဖြန့်ချိ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

လက်ရှိအခြေအနေတွင် ပြည်တွင်းကြယ်ပဲစိုက်ပျိုးထုတ်လုပ်မှုမှာ ပြည်ပနိုင်ငံများ၏ ထုတ်လုပ်မှုအားကို ယှဉ်ပြိုင်နိုင်ခြင်း မရှိမှုကြောင့် တင်ပို့မှု လျော့ကျကာ လက်ရှိတွင် ဈေးနှုန်းမှာလည်း သုံးပုံနှစ်ပုံခန့် ကျဆင်းလာကြောင်း ကြယ်ပဲစိုက်ပျိုးသူများထံမှ သိရသည်။

 

''ပြည်ပနိုင်ငံတွေက ကြယ်ပဲကို စီးပွားဖြစ်အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာတဲ့အတွက် ထုတ်လုပ်မှုကုန်ကျစရိတ်ကလည်း သက်သာလာတယ်။ ပြည်တွင်းမှာက အများဆုံး ငါးဧကလောက်ပဲ စိုက်ပျိုးကြတယ်။ အထွက်နှုန်းကလည်း မယှဉ်နိုင်သလို၊ ထုတ်လုပ်မှု ကုန်ကျစရိတ်ကိုလည်း မယှဉ်နိုင်ဘူး။ ဒါအပြင် ရာသီဥတုအရလည်း သူတို့နိုင်ငံတွေက အထွက် ပိုစောတဲ့အတွက် ရောင်းချမှုမှာလည်း နောက်ကျနေတယ်။ ဒါကြောင့် ဈေးနှုန်းတွေကလည်း သုံးပုံနှစ်ပုံလောက် ကျဆင်းသွားတယ်။ ကြယ်ပဲမှာ ပါဝင်တဲ့ ပစ္စည်းတွေရဲ့ အာဟာရပြည့်ဝမှုကို ကျန်းမာရေးအရ အသိနည်းတော့ ပြည်တွင်းမှာလည်း စားသုံးမှုနည်းပါးတယ်။ အခုလို ပြည်ပက မဝယ်တော့တဲ့အခါ ဈေးနှုန်းက သိသိသာသာ ကျဆင်းလာတယ် ''ဟု ကြယ်ပဲစိုက်ပျိုးသူ ဦးသန်းအောင်က ပြောသည်။

 

ကြယ်ပဲဈေးနှုန်းမှာ ယခင်က တစ်ကီလိုလျှင် ၄၀ဝ၀ ကျပ်မှ ကျပ် ၆၀ဝ၀ ကျပ် အတွင်း ပေါက်ဈေးရှိသော်လည်း ယခုအခါ ၁၅၀ဝ ကျပ်မှ ၂၀ဝ၀ ကျပ် ဝန်းကျင်၌သာ ရှိနေသည့်အပြင် ဝယ်ယူမှုမှာလည်း လွန်စွာ နည်းပါးလျက်ရှိနေကြောင်း သိရသည်။

 

မင်းထက်အောင် (မန်းကိုယ်ပွား)