ကသာမြို့၌ ကသာပညာရေးကောလိပ်ဖွင့်ပွဲအခမ်းအနား ကျင်းပ

ကသာ  ၁၈   ဒီဇင်ဘာ  

 

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ကသာပညာရေးကောလိပ်ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ(၁၈)ရက်နေ့၊ နံနက်(၉)နာရီအချိန်ခန့်က ကသာမြို့၌ ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ  စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသန်းနှင့် တာဝန်ရှိသူများက ကသာပညာရေးကောလိပ်မုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်မှ ကသာပညာရေး ကောလိပ် ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက ကသာပညာရေး ကောလိပ် ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့ကြသည်။

 

3

 

ဆက်လက်၍ ဒုတိယပိုင်းအစီအစဉ်အနေဖြင့် ကသာပညာရေးကောလိပ်ဖွင့်ပွဲအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်မှ အဖွင့်အမှာစကားပြောကြားရာတွင် “ကသာပညာရေး ကောလိပ်ကို ပညာရေးဝန်ကြီးဌာနမှ ၂၀၁၆ ခုနှစ်မှစတင်၍ ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ ကျောင်းဝင်းအုတ်တံတိုင်း (၄)ဖက် ကာရံခြင်းလုပ်ငန်းကို ပြည်ထောင်စုဘတ်ဂျက်မှ ခွင့်ပြုငွေ ကျပ်သိန်း(၁၀ဝ)ဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုဆိုင်ရင် ဒီကသာခရိုင်အတွင်း တက္ကသိုလ်ဝင်တန်း အောင်မြင်သူများထဲမှ ဆရာ အတတ်ပညာ သင်ယူလိုသူ များသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက အခြားပညာရေးကောလိပ် များကို သွားရောက် သင်ယူခဲ့ရသည့် အခြေအနေမှ ယခုအခါ မိမိဒေသမှာပဲ ပညာလေ့လာဆည်းပူးခွင့်ရရှိပြီ ဖြစ်ကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ (၄)ခန်းတွဲ(၄)ထပ်အမှုထမ်းအိမ်ရာ(၁)လုံး၊ ကျောင်းအုပ်ကြီး နေအိမ်(၁) လုံး၊ ကျောင်းတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ မီတာ(၄၀ဝ)ပြေးလမ်းပါ ဘောလုံးကွင်း တည်ဆောက်ခြင်း လုပ်ငန်းများကိုလည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် တင်ဒါလုပ်ငန်းများ ဆောင်ရွက်သွား မည်ဖြစ်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှာလည်း (၃)ထပ် စာသင်ဆောင် (၁)ဆောင်၊ E-Library နှင့် စာကြည့်တိုက်(၁)ဆောင်၊ အားကစားရုံ(၁)ဆောင်နှင့် ခန်းမ(၁)ဆောင်တို့ကိုလည်း ရသုံးမှန်းခြေစာရင်းမှာ လျာထားတင်ပြပြီးဖြစ်ကြောင်း” ပြောကြားခဲ့သည်။

 

ကသာပညာရေး ကောလိပ်တွင် (၃)ထပ်စာသင်ဆောင်(၁)ဆောင်၊ (၂)ထပ်စာသင်ဆောင် (သိပ္ပံလက်တွေ့ ဆောင်)(၁)ဆောင်နှင့် သင်တန်းသား(၁၆၀)ဆံ့ (၂)ထပ်အိပ်ဆောင်(၂)ဆောင်၊ (၄)ခန်းတွဲ (၄)ထပ် ဆရာ/ဆရာမ ဆောင် (၁)ဆောင် ဆောက်လုပ်ပြီးဖြစ်ပြီး Transfomer နှင့် လျှပ်စစ်ဓာတ်အား လိုင်းတပ်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပြီးဖြစ်ပါသည်။ ၂၀၁၈-၂၀၁၉ပညာသင်နှစ်တွင် သင်တန်းသား (၆၅)ဦး ပညာသင်ယူလျက်ရှိပြီး ၂၀၁၉-၂၀၂၀ပညာသင်နှစ်တွင် သင်တန်းသား (၂၀ဝ)ဦး ခေါ်ယူသွားမည် ဖြစ်သည်။

 

0

 

ထို့နောက် ပညာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းနှင့် ဒေသခံမြို့မိ မြို့ဖတစ်ဦးတို့ ကျေးဇူးတင်စကား အသီးသီးပြောကြားခဲ့ပြီး ကသာပညာရေးကောလိပ်တွင်  တာဝန်ခံ ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဆရာမကြီး ဒေါ်တင်မေထွေးမှ ကျောင်းသမိုင်း အကျဉ်းနှင့် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော် များအား ကသာပညာရေးကောလိပ် ကျောင်းအုပ်ကြီးမှ ကသာပညာရေး ကောလိပ်ဖွင့်ပွဲ အထိမ်းအမှတ်အလံနှင့် လက်ဆောင် ပစ္စည်းများကို ပြန်လည်ပေးအပ်ခဲ့ပြီးနောက် စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကျောင်းအဆောက်အဦများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

 

ရဲအောင် (ကသာ)