မကွေး ၁၅ ဒီဇင်ဘာ
မကွေးတက္ကသိုလ်တွင် ဒီဇင်ဘာ ၁၄ ရက်မှ ၁၆ ရက်အထိ ကျင်းပနေသည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်သို့ မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျောင်းသား ကျောင်းသူများ အဆင်ပြေစွာ လာရောက်ပါဝင် ဆင်နွှဲနိုင်ရန် အဝေးပြေးမော်တော်ယဉ်လိုင်းများ၊ သုံးဘီးဆိုင်ကယ်များဖြင့် အခမဲ့ပြေးဆွဲ ပို့ဆောင်ပေးနေကြောင်း သိရသည်။
အဆိုပါအစီအစဉ်ကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပညာရေးဝန်ကြီးဌာနနှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး မကွေးတိုင်းဒေသကြီး (၂၅)မြို့နယ်အတွင်းရှိ တက္ကသိုလ်ဒီဂရီ၊ ကောလိပ်နှင့် အခြေခံပညာကျောင်းများမှ ဆရာဆရာများ၊ ကျောင်းသား ကျောင်းသူများ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်သို့ သွားလာရေး အဆင်ပြေစွာဖြင့် လေ့လာကြည့်ရှုနိုင်ရန် စီစဉ်ပေးခြင်းဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန လုပ်ငန်းလိုင်စင်ရုံးမှ တိုင်းဦးစီးမှူး ဦးသိန်းဟန်က ပြောသည်။
“ကျွန်တော်တို့ရဲ့ မကွေးမြို့မှာ ဒီလိုနိုင်ငံတော်အဆင့် ပွဲတော်ကြီး လာရောက်ကျင်းပပေးတဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ်လို့ လူငယ်တွေကိုယ်စား ပြောချင်သလို တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ကျောင်းသား ကျောင်းသူတွေ ဒီပွဲတော်မှာ အားလုံးအဆင်ပြေစွာ ပါဝင်ဆင်နွှဲပြီး အသိပညာ ဗဟုသုတတွေ ရရှိကြစေဖို့ ရည်ရွယ်ပြီး အခုလို အခမဲ့ယာဉ်လိုင်းတွေနဲ့ ပို့ဆောင်ပေးတာပါ”ဟု ၎င်းကပြောသည်။
ထို့ပြင် အဆိုပါပွဲတော်တွင် ကျောင်းသားကျောင်းသူများအတွက် သုံးဘီးယာဉ်များဖြင့် အခမဲ့ဝင်ရောက်ပြေးဆွဲပေးနေသည့် Good Brother ကုမ္ပဏီမှ ဒုအထွေထွေမန်နေဂျာ ဦးစိုးထွန်းကလည်း “ဒီပွဲတော်ကိုလာရောက်ကြတဲ့ မကွေးတိုင်းအတွင်းက ကျောင်းသားကျောင်းသူတွေ မြို့ပေါ်မှာ အဆင်ပြေစွာ သွားလာနိုင်ဖို့ သုံးဘီးဆိုင်ကယ် ၁၀ စီးနဲ့ နေ့စဉ် နံနက် ၈ နာရီကနေ ညနေ ၄ နာရီအထိ အခမဲ့ပြေးဆွဲပေးနေပါတယ်၊ လူငယ်တွေအတွက် ကဏ္ဍပေါင်းစုံကနေ လေ့လာခွင့်ရရှိမယ့် ဒီလိုပွဲတော်ကြီးမှာ ပူးပေါင်းပါဝင် ကူညီခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းသာမိပါတယ်” ဟု ပြောသည်။
လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး)တွင် ကျောင်းသားကျောင်းသူအားလုံး ပါဝင်ဆင်နွှဲနိုင်ကြရန် မော်တော်ယာဉ်များ သုံးဘီးဆိုင်ကယ်များဖြင့် အခမဲ့ပို့ဆောင်ပေးခြင်း အစီအစဉ်အား ပွဲတော်ကာလဖြစ်သည့် ဒီဇင်ဘာ ၁၄ ရက်မှ ၁၆ ရက်အထိ မြို့နယ် (၂၅)မြို့နယ်အတွက် နေ့စဉ် လူဦးရေ ၁၅၀၀ နှုန်းဖြင့် ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်း-မင်းထက်အောင် (မန်းကိုယ်ပွား) ဓါတ်ပုံ-ရွှေကိုလေး


