ဖားကန့် ၁၅ ဒီဇင်ဘာ
ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ သီတဂူစက္ခုဒါနဆေးရုံ၌ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအတွင်း မျက်စိဝေဒနာသည်များအား တတိယအကြိမ်မြောက် အခမဲ့ဆေးကုမှု ဆောင်ရွက်ပေးနိုင်ရေးအတွက် ရှေ့တန်းတပ်မဌာနချုပ် တပ်မ(၃၃)မှ တပ်မမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် ဌာနဆိုင်ရာများ၊ သီတဂူစက္ခုဒါနဆေးရုံတော် အကျိုးတော်ဆောင်အဖွဲ့များ၊ တိုင်းရင်းသားရိုးရာ စာပေနှင့်ယဉ်ကျေးမှု ကော်မတီအဖွဲ့များ၊ ကျောက်မျက်လုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်မိ/ရပ်ဖများက ကြိုတင်ဆောင်ရွက်ထားရမည့် လုပ်ငန်းများအတွက် ယမန်နေ့က အဆိုပါ ဆေးရုံတော်ခန်းမဆောင်၌ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရသည် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၉)ရက်နေ့မှ (၁၃)ရက်နေ့အထိ ဖားကန့်သို့ တရားဒေသနာများ ဟောကြားချီးမြှင့်ရန် ကြွရောက်မည်ဖြစ်ပြီး ဆရာတော်ကြီးနှင့်အတူ မျက်စိအထူးကု ပါရဂူများ၊ ဆရာဝန်များလိုက်ပါ၍ ဖားကန့်သီတဂူစက္ခုဒါန ဆေးရုံ၌ မျက်စိဝေဒနာသည်များအား အခမဲ့ဆေးကုသမှုပေးအပ်သွားမည် ဖြစ်သည်။
ဖားကန့်သီတဂူစက္ခုဒါနဆေးရုံတော် ဖွင့်လှစ်ပြီး တစ်နှစ်တစ်ကြိမ် အခမဲ့ မျက်စိခွဲစိတ်ကုသမှုပေးခြင်း၊ မျက်မှန်များပြုလုပ်ပေးခြင်းတို့ကို လူမျိုးဘာသာမရွေး ဆောင်ရွက်ပေးခဲ့ပြီး ယခုတစ်ဖန် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီတွင် တတိယအကြိမ်မြောက်အဖြစ် ဒေသပြည်သူများအတွက် ဆောင်ရွက်ပေးမည်ဖြစ်သည်။
ယနေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင် ဦးဆောင်သည့် ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မြို့နေပြည်သူများက သီတဂူစက္ခုဒါနဆေးရုံတော်၌ အကြိုသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
တာလင်းမောင်(ပြန်/ဆက်)


