နေပြည်တော် ၂၅  နိုဝင်ဘာ 


အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်း အမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိမင်္ဂလာသီရိဟိုတယ်၌ကျင်းပသည်။


အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီးကော်မတီဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်၊ ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေး ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်မှ အမျိုးသမီးနှင့် ကလေး သူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌများ၊အတွင်းရေးမှူးများ၊ ပြည်ထောင်စုဝန်ကြီးများ၏ ဇနီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ UNFPA, Deputy Representative ၊ ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာများမှကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီးကော်မတီဝင်များ၊INGOs/ NGOs များမှ ကိုယ်စား လှယ်များတက်ရောက်သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ ဒုတိယဥက္ကဋ္ဌက ၂၀၁၈ ခုနှစ်မှစ၍ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်း အမှတ် အခမ်းအနားကို နိုင်ငံတော်အဆင့်အခမ်းအနား ပုံစံဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ နှစ်အလိုက် ကုလသမဂ္ဂမှ ဆောင်ပုဒ်များ ချမှတ်ပေးလျက်ရှိရာယခုနှစ် အတွက်ဆောင်ပုဒ်မှာ“Generation Equality Stands Against Rape!” “မုဒိမ်းမှုများတားဆီးဖို့၊ မုဒိမ်းမှုများပပျောက်ဖို့အားလုံး ပူးပေါင်းဆောင်ရွက်ကြပါစို့” ပဲဖြစ်ပါကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အကြိုလှုပ်ရှားမှုများအနေဖြင့် လူထုလမ်းလျှောက်ပွဲများ၊ အကြိုညှိနှိုင်းဆွေးနွေးပွဲများကိုလည်း ဆောင်ရွက်ခဲ့ သကဲ့သို့ တိုင်းဒေသကြီး/ ပြည်နယ်များ အားလုံးတွင်လည်း ကျား၊မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးသင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ သက်ငယ်မုဒိမ်း အသိ ပညာပေး ပိုစတာစိုက်ထူခြင်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အမျိုးသမီးကော်မတီ များ၏ ဦးဆောင်မှုဖြင့်ဆောင်ရွက်လျက်ရှိပါကြောင်း။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံတတိယအစည်းအဝေး၏ ပြည်ထောင်စု သဘောတူ စာချုပ်တွင်ဆွေးနွေးခဲ့မှုများ၌ ငြိမ်းချမ်းရေးစကားဝိုင်းများနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များတွင် အမျိုးသမီးများပူးပေါင်းပါဝင်ရေးနှင့်စပ်လျဉ်း၍ ကဏ္ဍအသီးသီးတွင် အမျိုးသမီးများ အနည်းဆုံး (၃၀)ရာခိုင် နှုန်းပါဝင်ရေးကိုအားပေးဖို့ဆိုသည့် အချက်လည်းပါဝင်ပါကြောင်း၊ ထို့အပြင် ပဋိပက္ခအတွင်းအမျိုး သမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ပဋိပက္ခအတွင်းအမျိုးသမီးများအား အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက် ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ၏လုပ်ငန်းစီမံချက် (မူကြမ်း)ကိုလည်း ရေးဆွဲ ထားရှိပြီး ဖြစ်ပါကြောင်း၊ အမျိုးသမီး များအပေါ်အကြမ်းဖက်မှုများမှတားဆီး ကာကွယ်ရေးအတွက် မိမိတို့ဝန်ကြီးဌာန အနေဖြင့် ၂၄နာရီ၊ Help Line ဝန်ဆောင်မှုကို၂၀၁၆ ခုနှစ်မှ စတင်၍ ထူထောင် ထားရှိပြီး ဖြေရှင်းဆောင်ရွက်ပေး လျက်ရှိပြီး လက်ရှိအချိန်ထိတရားရင်ဆိုင်စရိတ်ထောက်ပံ့ခြင်း၊ အသက်မွေးဝမ်းကြောင်း ထောက်ပံ့ခြင်း အနေဖြင့်ကျပ်သန်းပေါင်း(၁၅၀)ကျော်ကို ထောက်ပံ့ပေး နိုင်ခဲ့ပါကြောင်း။

ထို့အပြင် တရားရင်ဆိုင်ရေး၊ ကျန်းမာရေး၊ ပညာရေးအကူအညီများရရှိရန် ချိတ်ဆက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ One Stop Women Support Center (OSWSC) (၄)ခု တည်ထောင်၍ အကြမ်းဖက်ခံရသည့် အမျိုးသမီးများကိုယာယီလက်ခံစောင့်ရှောက်ပေးပြီး စိတ်လူမှု ရေးဆိုင်ရာ ပံ့ပိုးကူညီမှုများလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊  သုတေသနအနေဖြင့် အမျိုး သမီးများ၏ ဘဝတစ်လျှောက်အတွေ့အကြုံများဆိုင်ရာ လေ့လာမှုစစ်တမ်း  အား လူမှုဝန်ထမ်း ဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ UNFPA တို့ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ၂၀၁၉ခုနှစ် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်ချက် ဖြစ်သည့် အမျိုးသမီးများ၏ ကဏ္ဍစုံဖွံ့ဖြိုးရေးအတွက် လုပ်ငန်းအစီအစဉ်များ၊ စီမံကိန်းများ၊ စီမံချက် များ ချမှတ်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာအစိုးရဌာနများ၊ လွှတ်တော်များ၊ INGOs/NGOs များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ လူမှုရေးစီးပွားရေးနယ်ပယ်များမှ အဖွဲ့အစည်းများအနေဖြင့် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်းပြောကြားသည်။

ဆက်လက်၍ UNFPA Deputy Representative Ms. Nelida Rodrigues က UN Message အား ဖတ်ကြားသည်။

ထို့နောက် အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေးစကားဝိုင်း ဆွေးနွေးပွဲကို ဆောင်ရွက်ရာ အမျိုးသားလွှတ်တော်၊အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌဒေါက်တာ တင်တင်ဝင်း၊ပြည်သူ့လွှတ်တော်အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာခင်စိုးစိုးကြည်၊ လူမှုဝန်ထမ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုရဲမှူးကြီး ဒေါ်မီနီဦး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဌေး၊ Maristope International မြန်မာနိုင်ငံဆိုင်ရာညွှန်ကြားရေးမှူးဒေါက်တာစစ်နိုင်တို့က ဦးဆောင်ဆွေးနွေးမှုများ ဆောင်ရွက်ရာတွင်အမျိုးသမီးများ အပေါ်အကြမ်းဖက်မှုများနှင့် ပတ်သက်၍လက်ရှိဆောင်ရွက်မှုများ၊ ကြုံတွေ့နေရသည့်အခက်အခဲများ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ် များစသည့်အချက်များအား ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာသည့် ဧည့်သည်တော်များမှ အပြန်အလှန် မေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)