ရန်ကုန် ၂၅ နိုဝင်ဘာ
၂၀၁၉-ခုနှစ်၊ ဒီဇင်ဘာ(၁)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ ( World AIDS Day) အထိမ်းအမှတ်ပွဲကို ရန်ကုန်မြို့၊မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကန်ရိပ်သာလမ်းနှင့် သိမ်ဖြူလမ်းထောင့်ရှိ မြန်မာနိုင်ငံ ဆရာဝန်အသင်း(ဗဟို)တွင် လူထုလမ်းလျှောက်ပွဲနှင့် ကျန်းမာရေးပြည်သူ့စကားဝိုင်းကို ဒီဇင်ဘာ(၁)ရက် နံနက်(၆)နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
နှစ်စဉ်ဒီဇင်ဘာ(၁)ရက်နေ့တွင် ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့အဖြစ် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကျင်းပခဲ့သည်မှာ နှစ်ပေါင်း(၃၀)ကျော်ပြီဖြစ်ရာ မြန်မာနိုင်ငံတွင်လည်း ထို့နည်းတူကျင်းပခဲ့ပြီး ယခုနှစ်တွင် လူထုလမ်းလျှောက်ပွဲကိုမြန်မာနိုင်ငံ ဆရာဝန်အသင်းရုံးရှေ့မှ ကန်တော်ကြီး တစ်ပတ်လမ်းလျှောက်မည်ဖြစ်ပြီး အများပြည်သူအား မြန်မာနိုင်ငံဆရာဝန်အသင်း(ဗဟို)ရုံးတွင် ကျန်းမာရေးပြည်သူ့စကားဝိုင်းအဖြစ် HIV ၊ AIDS ကာကွယ်တိုက်ဖျက်ရေးကို ကျင်းပသွားမည်ဖြစ်သည်။
“ဒီနှစ်ဆောင်ပုဒ်က HIV ၊ AIDS ရောဂါတိုက်ဖျက်ရေး ပြည်သူလူထုပါဝင်ပေး ဆိုတာဖြစ်ပါတယ်။ အားလုံးပူးပေါင်းပါဝင်ဖို့လည်း တိုက်တွန်းပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ဆရာဝန်များနဲ့ မိသားစုဝင်တွေ၊ WHO၊ ကုလသမဂ္ဂလက်အောက်ခံ အရပ်ဖက်အဖွဲ့အစည်းတွေ၊ သူတို့ရဲ့မိသားစုဝင်တွေ၊ လူမှုအသင်းအဖွဲ့တွေ၊ ပြည်သူတွေစုပေါင်းပြီး မနှစ်ကလည်း အင်အားတစ်ထောင်ကျော် လမ်းလျှောက်ခဲ့ပါတယ်။ ဒီနှစ်မှာ ကျန်းမာရေးပြည်သူ့စကားဝိုင်း ပါဝင်တဲ့အတွက် ဒီရောဂါတိုက်ဖျက်ရေးအတွက် အများပြည်သူ ပါဝင်ဖို့ကြိုဆိုနေပါတယ်” ဟု မြန်မာနိုင်ငံဆရာဝန် အသင်း(ဗဟို)မှ အထွေထွေအတွင်းရေးမှူး ဒေါက်တာထင်အောင်စောက ပြောသည်။
အေအိုင်ဒီအက်စ်ရောဂါ ဝေဒနာရှင်များကိုမိသားစုနှင့် ပတ်ဝန်းကျင်မှ ပစ်ပယ်ခြင်းမပြုဘဲ ဖေးမကူညီရန် အသိပညာပေးဆောင်ရွက်ခြင်း၊ လူငယ်များကိုပညာပေး အစီအစဉ်များ ဆောင်ရွက်ခြင်း၊ ဆေးပညာရှင်များစုပေါင်း၍ ကောင်းမွန်ထိရောက်သောဆေး ကုသမှုရရှိရန် ဆွေးနွေးပွဲများကျင်းပခြင်း၊ မူးယစ်ဆေးဝါးမှ ရောဂါရရှိနိုင်၍ AIDS ရောဂါတိုက်ဖျက်ရေးတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံဆရာဝန်အသင်းမှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး အသင်းကို ၁၉၉၄ -ခုနှစ်တွင် စ တင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။
အသင်းဝင်ပေါင်း(၂)သောင်းကျော်ရှိပြီး ဘာသာရပ်ဆိုင်ရာ အဖွဲ့အစည်းပေါင်း(၄၃)ဖွဲ့ရှိ၍ ဆေးပညာ ပိုမိုတိုးတက်ရေးအတွက် ဆောင်ရွက်လျှက်ရှိရာ ပိုမိုကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတို့တွင် H IV ၊ AIDS ရောဂါကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းတစ်ခုလည်း ပါဝင်ကြောင်း သိရသည်။
ကမ္ဘာတွင်သာမက မြန်မာနိုင်ငံတွင်လည်း HIV ၊ AIDS ရောဂါ ဖြစ်ပွားနေဆဲဖြစ်ရာ ရောဂါဝေဒနာရှင်သာမက မိသားစုလိုက် အခက်အခဲများစွာရှိသောကြောင့် ထိရောက်သော ကုသမှုများရှိနေပြီဖြစ်၍ သက်ဆိုင်ရာ ဆေးရုံကြီးများတွင် အခမဲ့ဆေးဝါးများကို ပေးဝေလျှက်ရှိသည်။ ကြိုတင်ကာကွယ်ခြင်းသည် အကောင်းဆုံးဖြစ်သောကြောင့် ပြည်သူလူထု ပူးပေါင်းပါဝင်ရန်လိုအပ်ပြီး ဒီဇင်ဘာ(၁)ရက်နေ့သည် ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ ဖြစ်သောကြောင့် ထိုနေ့တွင်မြန်မာနိုင်ငံ ဆရာဝန်အသင်း(ဗဟို) တွင်လူထု လမ်းလျှောက်ပွဲနှင့်အတူ ကျန်းမာရေးပြည်သူ့စကားဝိုင်းကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထိုက်
ဓာတ်ပုံ - သန်းစိုး


