ပွင့်ဖြူ  ၂၅  နိုဝင်ဘာ    

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်း တောင်သူများ စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နိုဝင်ဘာ ၂၅ ရက် ၊ ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အတွင်းရှိ တောင်သူများကို ဖိတ်ခေါ်၍ စပါးမျိုး(၄)မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက်စိုက်ပျိုးထားရှိမှုအား တောင်သူပညာပေး ကွင်းသရုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

 

1

 

အဆိုပါ စပါးမျိုး(၄)မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် တောင်သူပညာပေးကွင်းသရုပ်ပြပွဲကို ပွင့်ဖြူမြို့နယ် မကျီးရုံကျေးရွာနှင့် ကံသာကြီးကျေးရွာအနီး စိုက်ပျိုးထားရှိသည့် မိုးစပါးစိုက်လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့ပြီး ရှေးဦးစွာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်းက အဖွင့်အမှာစကား ပြောကြားကာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှိုင်မြင့်က ကွင်းသရုပ်ပြပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် စပါးသီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းမွန်ရေး လိုက်နာရမည့်စိုက်ပျိုးရေးဆိုင်ရာနည်းစနစ်များကို ပညာပေးရှင်းလင်းဆွေးနွေး ပြောကြားသည်။ 

ထို့နောက် တက်ရောက်လာသည့် တောင်သူများက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးထားရှိသည့် မနောသုခ ၊ ဆင်းသုခ ၊ ဧရာမင်းစပါးနှင့် ပေါ်ဆန်းရင်စပါး မျိုး(၄)မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှုအခြေအနေများအား စိတ်ဝင်တစ်စား ကွင်းဆင်းလေ့လာကြပြီး သီးနှံစိုက်ပျိုးနည်းစနစ်များနှင့် မျိုးကောင်းမျိုးသန့်ရရှိရေး ထိန်းသိမ်းထားသိုနည်းစနစ်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြသည်။ 

ဆက်လက်၍ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့သည် တောင်သူများ ဆန်စပါးကြိတ်ခွဲမှုလုပ်ငန်းအဆင့်ဆင့်နှင့် ဆန်စပါး အရည်အသွေးကောင်းမွန်အောင် စနစ်တကျ ထုတ်လုပ်နေမှုများကို လေ့လာသိရှိနိုင်စေရန် ပွင့်ဖြူမြို့နယ် ရွှေဘိုရွာသစ်ကျေးရွာအနီး တော်ဝင်ဧရာ ဆန်စက်သို့ သွားရောက်ပြီး လိုက်လံပြသရာ ဆန်စက်ပိုင်ရှင် ကိုဖိုးသားက စပါး ကုန်ကြမ်းမှ ဈေးကွက်ဝင် ဆန်ချောအဖြစ် အဆင့်လိုက် ကြိတ်ခွဲပုံနည်းစနစ်များနှင့် ဆန်အရည်အသွေး ကောင်းမွန်အောင် ဆောင်ရွက်သည့် ထုတ်လုပ်ပုံနည်းစနစ်များကို ကဏ္ဍအလိုက် ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။ 

အဆိုပါ တောင်သူပညာပေး ကွင်းသရုပ်ပြပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း ၊ မြို့နယ်စိုက် ပျိုးရေးဦးစီးမှူး ဦးလှိုင်မြင့်နှင့် ဝန်ထမ်းများ ၊ မြို့နယ်အတွင်း ဖိတ်ကြားထားသည့် ကျေးရွာပေါင်း(၁၈)ရွာမှ ဒေသခံတောင်သူ ၄၆ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။  

ရဲဝင်းနိုင် ( ညောင်ဦး )