ပေါ်ဦးပေါ်ဖျား နှမ်းနက်နှင့် နှမ်းဖြူအသစ်များ မန္တလေးဈေးကွက်သို့ အဖွင့်ဈေးကောင်းဖြင့် စတင်ဝင်ရောက်လာ

မန္တလေး   ၂၀  နိုဝင်ဘာ

ယခုရက်ပိုင်းအတွင်း ဆောင်းဦးရာသီအဖြစ် ဗန်းမော်၊ ကသာ၊ ထီးချိုင့်မြို့နယ်များမှ စတင်ထွက်ရှိလာသည့် ပေါ်ဦးပေါ်ဖျား နှမ်းနက်များနှင့် ရွှေဘို၊ ဝက်လက်မြို့နယ်များမှ ထွက်ရှိလာသည့် နှမ်းဖြူအသစ်များ မန္တလေးဈေးကွက်သို့ အဖွင့်ဈေး ကောင်းစွာဖြင့် စတင်ဝင်ရောက်လာကြောင်း မန္တလေးပဲကုန်သည်များထံမှ သိရသည်။

ယခုရာသီတွင် ထွက်ရှိလာသည့် ဆောင်းဦးနှမ်းနက်နှင့် နှမ်းဖြူများအနက် နှမ်းနက်မှာ မကွေးတိုင်းဒေသကြီးမှ ထွက်ရှိသည့် မိုးဦးနှမ်းနက်များထက် အရည်အသွေး ပိုမိုကောင်းမွန်သဖြင့် လက်ရှိတွင် ဈေးကွက်အတွင်း၌ လက်ကျန် မိုးဦးနှမ်းနက် ဈေးနှုန်းမှာ သုံးတင်ဝင် တစ်အိတ်လျှင် ၂၅၀ဝ၀ဝ ကျပ် ဈေးရှိသော်လည်း ယခုထွက်ရှိလာသည့် ဆောင်းဦးနှမ်းနက်များမှာ ၂၅၈၀ဝ၀ ကျပ်နှုန်းဖြင့် အဖွင့်ဈေးစခဲ့သည့်အပြင် ဆောင်းဦးနှမ်းဖြူများမှာလည်း မန္တလေးဈေးကွက်အတွင်း ယခင်နှစ် ကာလတူထက် ဈေးနှုန်းအနည်းငယ်မြင့်တက်ကာ သုံးတင်းဝင်တစ်အိတ်လျှင် ၁၅၂၀၀၀ ကျပ်နှုန်းဖြင့် အဖွင့်ဈေး ကောင်းလျက်ရှိကြောင်း မန္တလေးမြို့မှ ဦးစိုးဝင်းမြင့် (စိုးဝင်းမြင့်ပွဲရုံ)က ပြောသည်။

၅+

"ဗန်မော်၊ ကသာ ဒေသက ထွက်ရှိလာတဲ့ နှမ်းနက်တွေကတော့ နှစ်စဉ် ဆောင်းဦးပေါက် ဒီလိုရာသီမှာ မန္တလေးဈေးကွက်ကို အချိန်မှန် ဝင်ရောက်လေ့ရှိတယ်။ မနှစ်က ဒီလိုအချိန်မှာ သုံးတင်းဝင်တစ်အိတ်ကို နှစ်သိန်းသုံးသောင်းပဲရှိတဲ့ ဒီနှမ်းနက်က ဒီနှစ်မှာတော့ နှစ်သိန်းငါးသောင်းရှစ်ထောင် ကျပ်ဈေးအထိ အဖွင့်ဈေးအမြင့်နဲ့ အရောင်းသွက်နေတယ်။ နယ်စပ်မှာ အခြားကုန် ပစ္စည်းတွေ အရောင်းအဝယ် ထိုင်းမှိုင်းနေပေမယ့် ဒီနှမ်းနက်ကတော့ တရုတ်ဈေးကွက်မှာ ဝယ်လိုအား အမာခံရှိနေတဲ့အတွက် အရောင်းအဝယ် ပုံမှန်သွက်နေပါတယ်။ ဒီနှမ်းနက်လိုပဲ ပြောင်းနဲ့ စပါးသီးနှံတွေလည်း ဘယ်လိုစိန်ခေါ်မှုမျိုးပဲရှိရှိ ပုံမှန်အရာင်းသွက်နေဖို့ ၂၀၂၀ ကာလမှာ တောင်သူနဲ့ ကုန်သည်တွေအားလုံး မျှော်လင့်နေကြတယ်" ဟု ၎င်းက ပြောသည်။

နှမ်းနက်ကို ပြည်တွင်း၌ စားသုံးမှုအလွန်နည်းပါးကာ ပြည်ပပို့ကုန်အတွက်သာ အားထားစိုက်ပျိုးသည့် သီးနှံတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ ဈေးကွက်မှ ဆေးဝါးနှင့် အလှကုန်ပစ္စည်းများ ထုတ်လုပ်ရန် အဓိကဝယ်ယူလျက်ရှိသည့်အပြင် ဂျပန်နိုင်ငံမှလည်း နှစ်စဉ် ဝယ်ယူမှုများရှိနေကြောင်း သိရသည်။

အဆိုပါနှမ်းနက်ကို မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီးတို့တွင် မိုးသီးနှံအဖြစ် စိုက်ပျိုးထွက်ရှိပြီး ကချင်ပြည်နယ်တွင် ဆောင်းဦးသီးနှံအဖြစ် စိုက်ပျိုးထွက်ရှိကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)