မြိတ်  ၁၈  နိုဝင်ဘာ 

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ သန့်ရှင်းစိမ်းလန်းသာယာလှပစေရန်အတွက် မြိတ်မြို့ရှိ အရပ်ဖက် အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက် အမှိုက်သိမ်း ကော်မတီများ၊ စည်ပင် သာယာရေးကော်မတီနှင့် ဌာနဆိုင်ရာများမှ Clean & Green Myeik အဖွဲ့ကို ဖွဲ့စည်းပြီး ဆောင်ရွက်မည့်လုပ်ငန်း စဉ်များကို စည်ပင်သာယာရေးကော်မတီရုံးတွင် နိုဝင်ဘာ (၁၇)ရက် မွန်းလွဲပိုင်းက ဆွေးနွေးခဲ့ကြသည်။

 

၂

 

 “ သန့်ရှင်းသန့်ရပ်ပြီး စိမ်းလန်းစိုပြည်သာယာလှပသော ကမ်းရိုးတန်းမြို့ဖြစ်လာစေရန်၊ စနစ်တကျ အမှိုက် စွန့်ပစ်ခြင်းအလေ့အထ ပိုမိုတိုးတက်လာစေရန်၊ Reduce , Reuse , Recycle စနစ်ကို ကျင်းသုံး ဆောင် ရွက်ပြီး ပလတ်စတစ်သုံးစွဲမှု လျော့ကျလာစေရန်၊ သဘာဝ ပတ်ဝန်းကျင်ကို ချစ်မြတ်နိုးပြီး ထိန်းသိမ်းတတ် လာစေရန်၊ Smart City မြို့ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်(၅)ချက်ဖြင့် အကောင်အထည်ဖော်ရန် ဆောင်ရွက်သွားမည် ဟု Clean & Green Myeik အဖွဲ့ မှ ဦးသန်းစိုး က ပြောသည်။

 

ဆွေးနွေးပွဲတွင် အဆိုပါအဖွဲ့၏ LOGO အမှတ်တံဆိပ်၊ ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ ကော်မတီ ဖွဲ့စည်း မှုနှင့် ရှေ့ဆက်ပြုလုပ်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အရပ်ဖက်အဖွဲ့အစည်းများ၊ လူမှုရေး အသင်းအဖွဲ့များ၊ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်အမှိုက်သိမ်းကော်မတီများ၊ စည်ပင်သာယာရေး ကော်မတီနှင့် ဌာနဆိုင်ရာ များမှ ဆွေးနွေးခဲ့ကြပြီး Clean & Green Myeik အဖွဲ့မှ  မြိတ်မြို့ကို အမှိုက်ကင်းစင်ပြီး စိမ်းလန်းသာယာ လှပသော ကမ်းရိုးတန်း စံပြမြို့တော် ဖြစ်လာစေရန် ရည်မှန်းချက် ထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

 “ Clean & Green Myeik အဖွဲ့ အခုလို ဖွဲ့စည်းပေါ်ပေါက်လာသည့်အတွက် မြိတ်မြို့အတွက် သန့်ရှင်း သာယာလှပရေး၊ စိမ်းလန်းစိုပြေရေးတွေမှာ အထောက်အပံ့ဖြစ်လာနိုင်မယ်လို့မျှော်လင့်ပါတယ်။ Clean & Green Myeik ၏ ရည်ရွယ်ချက်များအတိုင်း သန့်ရှင်းသာယာ စိမ်းလန်းစိုပြေရေး လုပ်ငန်းများကို ပြည်သူလူထု အားဖြင့် ပူးပေါင်းဆောင်ရွက်လာပါက စည်ပင်သာယာရေး လုပ်ငန်းများ ပိုမိုအထောက်အကူပြုပြီး ယခုထက် မြိတ်မြို့ သန့်ရှင်းသာယာလှပကာ Smart City မြို့ဖြစ်လာအောင် ဆောင်ရွက်နိုင်လိမ့်မယ်လို ယုံကြည်မျှော်လင့် မိပါတယ် ဟု မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင် ဦးလွင်မောင်မောင် က ပြောသည်။

 

Clean & Green Myeik အဖွဲ့ကို နိုဝင်ဘာလ(၆)ရက်နေ့တွင် အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ၊ မြိတ်မြို့သာယာလှပစိမ်းလန်းစိုပြေရေးကို စိတ်ပါဝင်စားသူ ပြည်သူလူထု တစ်ချို့ နှင့် စည်ပင် သာယာရေးကော်မတီတို့ စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

 

ခိုင်ထူး ( မြိတ် ပြန်/ဆက်)