နေပြည်တော် ၁၇ နိုဝင်ဘာ
လှိုင်သာယာ ပြည်သူ့ဆေးရုံကြီး တိုးချဲ့(၄)ထပ် လူနာဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဆေးရုံ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လူနေထူထပ်များပြားပြီး အချက်အခြာကျသော နေရာတွင်ရှိနေသော လှိုင်သာယာမြို့နယ်ရှိ ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာ၊ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် တိုးချဲ့(၄)ထပ်လူနာဆောင်သစ်ကြီးကို ဖွင့်လှစ်နိုင်ခြင်းသည် ဝန်ကြီးဌာနနှင့်ပြည်သူများအတွက် ဝမ်းမြောက်ဖွယ်ပင်ဖြစ်ပါကြောင်း၊ ခုတင် (၂၀၀) ဆံ့ လှိုင်သာယာ ပြည်သူ့ဆေးရုံကြီးအား ဝန်ကြီးဌာနမှ အဆင့်ဆင့်တိုးမြှင့်ဆောင်ရွက်ခဲ့ရာ ယခုအခါလူနာ (၄၅၀) ဦးခန့်အား ကုသမှုပေးနိုင်သောဆေးရုံကြီးအဖြစ် တိုးချဲ့ဆောက်လုပ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ ခရီးဝေးကွာမှု၊ ယာဉ်ကြောကြပ်တည်းမှုစသည့် အကြောင်းအရာများကြောင့် နေရာဒေသအတွင်း နေထိုင်သည့် ပြည်သူများအနေဖြင့် ရန်ကုန်မြို့တွင်းရှိ ဆေးရုံကြီးများသို့ သွားရောက် ကုသမှုခံယူရန် နှောင့်နှေးကြန့်ကြာခြင်းများ ဖြစ်ပွားနိုင်ပါကြောင်း။
ထို့အတွက် လှိုင်သာယာပြည်သူ့ဆေးရုံသည် မြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများအတွက် သာမက ဧရာဝတီတိုင်းဒေသကြီးမှ လူနာများကပါ အားကိုးအားထားပြုရသော ဆေးရုံကြီးဖြစ်လာ စေရန်အတွက် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ (၂၀၁၉) ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ ဆေးပညာသင်ကြားရေးဆေးရုံကြီးအဖြစ် သတ်မှတ်၍ လိုအပ်သည့်ဆေးနှင့် ဆေးပစ္စည်း ကိရိယာများ၊ ရောဂါရှာဖွေစစ်ဆေးမှု၊ ကုသမှုအထောက် အကူပြုကိရိယာပစ္စည်းများစသည်တို့ကို ဉီးစားပေးဖြည့်ဆည်းဆောင်ရွက်လျက်ရှိပါကြောင်း။
လှိုင်သာယာပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများအနေဖြင့် ဆေးရုံ အထောက်အကူပြု အဖွဲ့နှင့် (၂)လလျှင် (၁) ကြိမ်ခန့်ပုံမှန်တွေ့ဆုံ၍ ပံ့ပိုးမှုများ ရယူဆောင်ရွက် စေလိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဆေးရုံကြီး ဘက်စုံပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ၊ ဆေးနှင့် ဆေးပစ္စည်းကိရိယာများကို ဆက်လက် ဖြည့်ဆည်း ဆောင်ရွက်ပေးမည်ဖြစ်ပြီး နှီးနွှယ်အဖွဲ့အစည်းများ၊ တာဝန်ရှိသူများ၊ ပြည်သူများမှလည်း သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ပါရန် တိုက်တွန်းလို ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က အမှာစကား ပြောကြားသည်။
ထို့နောက် လှိုင်သာယာပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာစန်းလွင်ဦးက ဆေးရုံ၏ နောက်ခံသမိုင်းကြောင်း၊ တိုးချဲ့ (၄)ထပ်ဆောင်တည်ဆောက်ခဲ့မှု၊ လက်ရှိဆေးရုံတွင် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကတိုးချဲ့ (၄) ထပ်ဆောင် သစ်ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး တိုးချဲ့လေးထပ်ဆောင်သစ် ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည်တိုးချဲ့ (၄) ထပ်ဆောင် သစ်နှင့်ဆေးရုံအား လှည့်လည်ကြည့်ရှုသည်။
ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတွင် ကျင်းပခဲ့သည့် “ရန်ကုန်တိုင်းဒေသကြီးတွင် ပြည်သူ့ကျန်းမာရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ ရှင်းလင်းတင်ပြပွဲ” သို့ တက်ရောက်ခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအား ပြန်လည်ရှင်းလင်းဆွေးနွေး သည်။
ထို့နောက် အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦး၊ ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ နှလုံးဆေးကုဌာနမှ ပါမောက္ခ/ ဌာနမှူးဒေါက်တာနွယ်နွယ်၊ ဆေးတက္ကသိုလ် (၂) ရန်ကုန်၊ ဆီးချိုသွေးချိုနှင့်ဟော်မုန်းရောဂါကုဌာနမှ ပါမောက္ခ/ ဌာနမှူး ဒေါက်တာကိုကိုနှင့် တာဝန်ရှိသူများက တင်ပြရှင်းလင်းခဲ့မှုများအပေါ် ဆွေးနွေးအကြံပြုခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


