သရက် ၁၇ နိုဝင်ဘာ
ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် သရက်ခရိုင်စီမံခန့်ခွဲမှု ကော်မတီတို့ ပူးပေါင်း၍ အ.ထ.က(၁)တွင် ကျင်းပသည့် ကလေးစာပေပွဲတော်၊ စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်အား ယနေ့တွင် ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပရာ ကျောင်းသား ကျောင်းသူများနှင့် ပွဲတော်သို့ လာရောက်ကြသည့် မိဘပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။
ပွဲတော်တွင် ကျောင်းသား ကျောင်းသူများနှင့် လာရောက်သူများအား သရက်မြို့ သင်္ဂဟလမ်းလျှောက်အဖွဲ့က အချိုရည်များနှင့် မုန့်များဝေငှခြင်း၊ စတုဒိသာ အဖွဲ့များကလည်း ကြာဇံဟင်းခါးများဖြင့် ဧည့်ခံကျွေးမွေးလျက်ရှိသည်။
အလားတူ ကျောင်းသား ကျောင်းသူများက အားကစားပြိုင်ပွဲများဖြစ်သည့် အာလူးကောက်၊ သံပရာသီး ဇွန်းကိုက်၊ ဂုံနီအိတ်စွတ်၊ စကောရွက်ပြိုင်ပွဲများ စသည့် အားကစား(၁၁)မျိုးတွင် လည်းကောင်း၊ ပန်းချီ၊ ကာတွန်း၊ ကျပန်း၊ ဆေးရောင်ခြယ်ပြိုင်ပွဲ စသည့် ပြိုင်ပွဲများတွင်လည်းကောင်း ခရိုင်အတွင်းရှိ မြို့နယ် ၅ မြို့နယ်မှ ကျောင်းသား ကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိပြီး စာအုပ်အရောင်းဆိုင်များကလည်း စာအုပ်စာပေများ စျေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိကြောင်းနှင့် ကလေးစာပေပွဲတော်ကို နိုဝင်ဘာ ၁၆ ရက်မှ ၁၇ ရက်အထိ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ဇော်ဇော်(မြို့သစ်)


