သရက် ၁၇ နိုဝင်ဘာ
သရက်ခရိုင် ကလေးစာပေပွဲတော်၊ စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းဖွင့်ပွဲကို နိုဝင်ဘာ ၁၆ ရက် နံနက် ၉ နာရီက သရက်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမြင့်အောင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးနှင့် တက်ရောက်လာသူများက ပွဲတော်အတွင်းပြသထားသည့် ဌာနဆိုင်ရာ အသိပညာပေးပြခန်းများ၊ စာအုပ်အရောင်းဆိုင်များ၊ ကျောင်းသား ကျောင်းသူများ၏ ပြိုင်ပွဲများအလိုက် ယှဉ်ပြိုင်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။
အဆိုပါ ကလေးစာပေပွဲတော်၊ စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ကို "ကလေးများ စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ ပညာရှာမှီးသူများ ဖြစ်လာစေရန်၊ ပွဲတော်တွင် ပျော်ရွှင်စွာဆင်နွှဲရင်း စုပေါင်းအလုပ်များ၌ ဝိုင်းဝန်းပါဝင်တတ်သည့် အလေ့အထကောင်းများ ရရှိလာစေရန်၊ ပညာဗဟုသုများ ပြည့်ဝပြီး အနာဂတ်တွင် တိုင်းပြည်အတွက် ဦးဆောင်ဦးရွက် ပြုနိုင်သူများဖြစ်လာစေရန်" ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ပွဲတော်ကို နိုဝင်ဘာ ၁၆ ရက်မှ ၁၇ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)


