နေပြည်တော် ၁၄ နိုဝင်ဘာ 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့ရေးရာဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့်အဖွဲ့သည် နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် ပြည်သူ့ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး Madam GaoXiaobing ဦးဆောင်သည့် နိုင်ငံတကာ ဆက်ဆံရေးဌာန၊ ကလေးသူငယ်စောင့်ရှောက်ရေးဌာနနှင့် သက်ကြီးရွယ်အို စောင့်ရှောက်ရေးဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများနှင့် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံဆွေးနွေးစဉ် လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ အတွေ့အကြုံဖလှယ်ရေး၊ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ဦးတည်၍ ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများ စောင့်ရှောက်မှုဆိုင်ရာများ၊ အတွေ့အကြုံကောင်းများနှင့် စိန်ခေါ်မှုများအား ဖြေရှင်းခြင်း၊ အဆိုပါ နယ်ပယ်များအတွက် လိုအပ်သည့် ဥပဒေ၊ နည်းဥပဒေများသတ်မှတ် ပြဌာန်းခြင်းဆိုင်ရာ အဓိပ္ပာယ် ဖော်ပြချက်များနှင့် လက်တွေ့ကျင့်သုံးနေမှု၊ ပြည်သူများ သက်သာချောင်ချိရေးအတွက် စနစ်တကျ မဟာဗျုဟာ ချမှတ်ဆောင်ရွက်ခြင်းဆိုင်ရာ အတွေ့အကြုံဖလှယ်ခြင်း၊ ကလေးသူငယ် ရာဇဝတ်မှုများ လျော့ပါးရေးနှင့် လမ်းပေါ်နေ လေလွင့်သူငယ် စောင့်ရှောက်ရေးဆိုင်ရာများ နှီးနှောဆွေးနွေးခြင်း၊ ပြည်ထောင်စုအစိုးရနှင့် ဒေသအစိုးရတို့မှ ဦးတည်အုပ်စုများသတ်မှတ်၍  ငွေကြေးများ ထောက်ပံ့ပေးနေမှု၊ ကလေးသူငယ်တိုင်း ပညာသင်ယူခွင့်အတွက် ဆောင်ရွက်နေမှု၊ စေတနာ့ဝန်ထမ်းများက ကူညီနိုင်ရေးဆောင်ရွက်နေမှု၊ တရုတ်နိုင်ငံတွင် သက်ကြီးရွယ်အို စောင့်ရှောက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကနည်းလမ်း (၂)သွယ်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် နည်းစနစ်တကျ ဆောင်ရွက်နေမှု၊ သက်ကြီးစောင့်ရှောက်ရေးဂေဟာ၊ နေ့ပိုင်းစောင့်ရှောက်ရေး ဂေဟာနှင့် အိမ်တိုင်ရာရောက် သက်ကြီးရွယ်အို စောင့်ရှောက်မှုတို့အတွက် ဆောင်ရွက်နေမှု အတွေ့အကြုံများ ဖလှယ်ခြင်း၊ ဒေသ၏ကုန်ဈေးနှုန်းပေါ်မူတည်၍ အနည်းဆုံးရှိသင့်သည့် လူနေမှုအဆင့်အတန်း ရရှိစေရန် ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြသည်။

ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် မွန်းလွဲပိုင်းတွင် ပေကျင်းမြို့ရှိ မိဘမဲ့ဂေဟာသို့ သွားရောက်၍ မိဘမဲ့ဉာဏ်ရည် မသန်စွမ်းကလေးသူငယ်များအား ကျန်းမာရေးအခြေအနေ၊ အသက်အရွယ်၊ ဉာဏ်ရည်မသန်စွမ်းမှု အဆင့်အလိုက် စောင့်ရှောက်နေမှုဆိုင်ရာ အတွေ့အကြုံ ဖလှယ်ခြင်း၊ အထူးဂရုပြုရမည့် ကလေးသူငယ်များ စောင့်ရှောက်နိုင်ရေးအတွက် စနစ်တကျ လေ့ကျင့်သင်ကြားပေးမှု၊ ပြုစုစောင့်ရှောက်မှု၊ စောင့်ရှောက်ခံနှင့် စောင့်ရှောက်သူအမျိုးအစား၊ ကျန်မာရေး အာမခံစနစ်ဖြင့် အရေးပေါ်/နာတာရှည် မသန်စွမ်းကလေးသူငယ်များအား ပံ့ပိုးကူညီမှု အခြေအနေ၊ မိဘရှိ မသန်စွမ်းကလေးများအတွက် အကူအညီပေးနေသည့် နည်းလမ်းများအား ဆွေးနွေးခဲ့ကြပြီး ကလေးသူငယ်များ စိတ်ပိုင်း၊ ရုပ်ပိုင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းစနစ်တကျ ဆောင်ရွက်နေမှု၊ ဗဟိုအစိုးရနှင့် ဒေသအစိုးရ လုပ်ငန်းတာဝန်ခွဲဝေမှုနှင့် ဂေဟာများဖွင့်လှစ်နိုင်မှု အခြေအနေတို့အား ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်