နေပြည်တော် ၄ နိုဝင်ဘာ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာများတွင် စန့်ပစ်အမှိုက်များအား စနစ်တကျစီမံခန့်ခွဲကာ စွန့်ပစ်နိုင်ရေးအတွက် နေပြည်တော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉီးစီးဌာနနှင့် ပူးပေါင်းကာ စီမံကိန်းဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် မြို့နယ်ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဉီးစွာ နေပြည်တော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉီးစီးဌာန တာဝန်ခံ ဉီးရဲထွန်းက အဖွင့်အမှာစကား ပြောကြားပြီး ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဉီးစီးမှူး ဉီးဝင်းဇော်က သင်တန်းဖွင့်လှစ်ပေးရခြင်းနှင့် ပတ်သတ်၍ ကျေးရွာများတွင် စွန့်ပစ်အမှိုက်များ စီမံခန့်ခွဲရေးစနစ်အား ကျင်းသုံးဆောင်ရွက်တတ်လာစေရန်၊ အဖွဲ့အစည်းဖြင့် ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ ကိုယ်ထူကိုယ်ထ ဖွံ့ဖြိုးရေး လုပ်ငန်းများစနစ်တကျ ဆောင်ရွက်မှု အားကောင်းလာစေရန်၊ ထိရောက် ကောင်းမွန်သော စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ်မှ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင် ထိခိုက်စေမှု အလားအလာများကို ပြန်လည်တီထွင်သန့်စင် အသုံးပြုသည့် စနစ်ကြောင့် သဘာဝသယံဇာတအရင်းအမြစ် ထုတ်ယူသုံးစွဲမှုကို လျော့နည်းစေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်သည်။
အဆိုပါ သင်တန်းတွင် ပျဉ်းမနားမြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသား၊ သင်တန်းသူ (၂၀)ဉီးတက်ရောက်ပြီး သင်တန်းကာလမှာ နိုဝင်ဘာ ၄ ရက်မှ ၁၄ ရက်အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)


