ကျန်းမာရေးအတွက် ဂရုပြုရမယ့်ငရုတ်သီးမှို

၁ နိုဝင်ဘာ

 

မြန်မာပြည်က အိမ်ရှင်မတွေရဲ့ မီးဖိုချောင်မှာ အများဆုံးတွေ့ရတဲ့ ဟင်းချက်စရာကတော့ ငရုတ်သီးပါပဲ။ ငရုတ်သီးပါ မှ ထမင်းမြိန်တယ်ဆိုတဲ့ အိမ်သားတွေအတွက် အိမ်ရှင်မတွေဟာ ငရုတ်သီးကို အမြဲမပြတ် ဆောင်ထားရပါတယ်။ ဟင်းချက်ရင် အရောင်လှဖို့ပဲဖြစ်ဖြစ်၊ အရသာကို ပိုမိုထူးကဲစေဖို့ပဲဖြစ်ဖြစ် အိမ်ရှင်မတွေ ချက်တဲ့ဟင်းထဲမှာ ငရုတ်သီးခြောက် မှုန့်ဟာ မပါမဖြစ် ပါရတဲ့ဟင်းခတ်ပစ္စည်းပါပဲ။ အဲဒီတော့ ကျွန်မတို့ နေ့စဉ်စားသုံးနေတဲ့ ငရုတ်သီးခြောက်ဟာ တကယ်ရော ဘေးအန္တရာယ်ကင်းရဲ့လား။ ကျွန်မတို့ ကျန်းမာရေးအတွက် ယုံကြည်စိတ်ချရမှု အပြည့်အဝရှိရဲ့လား။ ဒါကိုတော့ သေချာပြန်စဉ်းစားဖို့ လိုလာပါပြီ။ ဒါကြောင့် ငရုတ်သီးခြောက်မှာပါဝင်တဲ့ မှိုအဆိပ်အကြောင်းကို မေးမြန်းခဲ့ရာ မန္တလေး တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာနီနီအေးက အခုလိုပဲ ရှင်းပြပေးခဲ့ပါတယ်။

 

1

 

ငရုတ်သီးခြောက်မှာ တွေ့ရတဲ့အဆိပ်မှို

 

ငရုတ်သီးခြောက်မှာ တွေ့ရတဲ့မှိုအဆိပ်ကတော့ AflatoxinB1 ပဲ ဖြစ်ပါတယ်။ Aflatoxin ကို ဖြစ်စေသော အဓိကမှိုအမျိုးအစားနှစ်မျိုး ရှိပါတယ်။ အဲဒါကတော့ Aspergillus Flavus နဲ့ Aspergillus Parasiticus တို့ပဲ ဖြစ်ပါတယ်။ အဲဒီမှိုအဆိပ်ကို ငရုတ်သီးခြောက်မှာတင် မကပါဘူး။ အခြားသော အစားအသောက်တွေမှာလည်း တွေ့ရပါတယ်။

 

မှိုအဆိပ်တွေ့ရတဲ့အခြားသီးနှံများ

 

Aflatoxin မှိုအဆိပ်ကို အဓိကတွေ့ရှိတဲ့ အစား အသောက်တွေကတော့ ပြောင်း၊ နှံစားပြောင်း၊ မြေပဲ၊ နေကြာ၊ ပဲပုပ်၊ ငရုတ်ကောင်း၊ နနွင်းတို့ပဲ ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ မှိုအဆိပ်ပါဝင်တဲ့ အစားအသောက် တွေကို စားသောက်တဲ့ နို့စားနွားတွေက ထုတ်လုပ်ရရှိတဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေမှာလည်း တွေ့ရပါတယ်။

 

ဘယ်လိုအချိန်အခါမျိုးမှာ မှိုတက်လေ့ရှိလဲ

 

အပူချိန်နှင့် စိုထိုင်းဆစွတ်စိုမှုများတဲ့ ဒေသတွေနဲ့ အပူပိုင်းဒေသတွေမှာအများဆုံးတွေ့ရှိရပါတယ်။ Aflatoxin ဖြစ်ပေါ်ခြင်းကို အားပေးတဲ့အခြေအနေတွေကတော့ မြေဆီ လွှာခန်းခြောက်ခြင်း၊ ပိုးမွှားတွေဖျက်ဆီးခြင်း၊ ကောင်းမွန် စွာ သိုလှောင်ထားမှု မရှိခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။ ငရုတ်သီးမှုန့်တွေမှာ Aflatoxin ပါဝင်မှု 20ppb ထက် ကျော်လွန်ပါက အန္တရာယ်ရှိတဲ့ပမာဏအဖြစ် သတ်မှတ်ပါ တယ်။

 

မန္တလေးတိုင်းဒေသကြီးအတွင်း စစ်ဆေးတွေ့ရှိမှု

 

မန္တလေးတိုင်းဒေသကြီးမှာဆိုရင် ၂၀၁၉ ခုနှစ်အတွင်း အရောင်တင်မှုန့်၊ ငရုတ်သီးမှုန့်အမျိုးအစားပေါင်း ၃၅၈ မျိုးကို ဈေးကွက်အတွင်း ဝယ်ယူစစ်ဆေးရာ ၇၄ မျိုးမှာ Aflatoxin ပါဝင်မှုနှုန်း သတ်မှတ်ပမာဏထက် ကျော်လွန် နေတာကို တွေ့ရပါတယ်။ ရာခိုင်နှုန်းအားဖြင့်ကြည့်မယ်ဆိုရင် ၂၀ ရာခိုင်နှုန်းမှာ သတ်မှတ်ပမာဏထက် ကျော်လွန် နေတာကို တွေ့ရပါတယ်။

 

ဖြစ်ပေါ်စေနိုင်တဲ့ရောဂါများ

 

ငရုတ်သီးမှာပါဝင်တဲ့ မှိုအဆိပ်ကြောင့် ဖြစ်ပေါ်စေတဲ့ ရောဂါတွေကတော့ လတ်တလော အဆိပ်အတောက် ဖြစ်ခြင်း၊ ကိုယ်ခံအားစနစ် အားနည်းစေခြင်း၊ မွေးရာပါ ရောဂါဖြစ်ပွားစေခြင်း၊ သန္ဓေသားကို ထိခိုက်စေခြင်း၊ ကင်ဆာရောဂါဖြစ်ပွားစေခြင်း၊ (အဓိကအားဖြင့်) အသည်း ကင်ဆာတို့ ဖြစ်ပွားစေနိုင်ပါတယ်။ ဒီကျန်းမာရေး ပြဿနာ တွေကို လူတွေမှာတင်ဖြစ်စေတာ မဟုတ်ပါဘူး။ တိရစ္ဆာန် တွေမှာပါ ဖြစ်ပွားစေနိုင်ပါတယ်။

 

ပညာပေးမှုဆောင်ရွက်

 

ဒါကြောင့် ရပ်ကွက်၊ ကျေးရွာနေပြည်သူတွေ၊ ကျောင်း တွေ၊ ဈေးတွေ၊ လမ်းဘေးဈေးသည်တွေ၊ စားသောက်ဆိုင် ဟိုတယ်တွေမှာ မှိုအဆိပ်ပါဝင်တဲ့ အစားသောက်အကြောင်း သာမကပဲ အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အကြောင်းအရာတွေကိုပါ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ပုံမှန်ဆွေးနွေးပညာပေး လျက် ရှိပါတယ်။ မှိုအဆိပ်ပါဝင်တဲ့ အစားအသောက်တွေ၊ ဈေးကွက်အတွင်း စစ်ဆေးတွေ့ရှိတဲ့အခါ ဈေးကွက်အတွင်း မှာ သိမ်းဆည်းဖျက်ဆီးပြီး စည်ပင်သာယာရေးကော်မတီရဲ့ စီမံခန့်ခွဲရေးနည်းလမ်းနဲ့ အရေးယူဆောင်ရွက်လျက် ရှိပါ တယ်။

 

မှိုအဆိပ်မပါအောင် ဘယ်လိုဂရုစိုက်မလဲ

 

စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူများအနေနဲ့ ကောက်ပဲသီးနှံများ စိုက်ပျိုးရာမှာ ကောင်းမွန်တဲ့ စိုက်ပျိုးမှုအလေ့အကျင့် (GAP ) နှင့်အညီ ဆောင်ရွက်ခြင်း၊ သီးနှံတွေကို ခြောက်သွေ့အောင် နေလှန်းခြင်း၊ သီးနှံ အခြောက်ခံစက်များ အသုံးပြုခြင်း၊ စိုထိုင်းဆနည်းအောင် ပြုပြင်ဖန်တီးခြင်း၊ လိုအပ်တဲ့ အပူချိန်ရအောင် ဆောင်ရွက် ခြင်းဖြင့် မှိုအဆိပ်မဖြစ်ပွားအောင် ပြုလုပ်ရပါတယ်။ စိုက်ပျိုရေးထွက်ကုန်များမှာ မှိုအဆိပ်မဖြစ်နိုင်အောင် သတ်မှတ်ထားတဲ့ ပမာဏအတိုင်း ဓာတုပိုးသတ်ဆေးများကို သုံးစွဲ ခြင်း၊ မှို ကင်းစင်သော မျိုးကောင်း၊ မျိုးသန့်မျိုးစေ့များ အား ရွေးချယ်စိုက်ပျိုးခြင်း၊တိရစ္ဆာန်အစာများကို စနစ် တကျ သိုလှောင်ထားရှိခြင်းတို့ ပြုလုပ်ပေးရပါမယ်။ စားသုံး သူများအနေဖြင့်လည်း စိုက်ပျိုးရေးထွက်ပစ္စည်းတွေကို ဝယ်ယူရာမှာ မှိုတက်ခြင်း ရှိ မရှိ သေချာစစ်ဆေးပြီးမှ ဝယ်ယူရန် လိုပါတယ်။ ထုပ်ပိုးထားပြီး အညွှန်းအမှတ် အသားပြည့်စုံစွာပါဝင်တဲ့ အစားသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာနက ထောက်ခံချက်ပေးထားတဲ့ ငရုတ်သီး မှုန့်နဲ့ စားသောက်ကုန်များကိုသာ ဝယ်ယူစားသုံးရင် အကောင်းဆုံးဖြစ်ပါတယ်။

 

 ခြူးစန္ဒီနွေး