မြစ်ကြီးနား ၃၁ အောက်တိုဘာ
ကချင်ပြည်နယ်အတွင်း မြေယာကိစ္စများဖြေရှင်းရာတွင် သက်ဆိုင်ရာအဆင့်အလိုက် မူဝါဒများနှင့်အညီ ကြန့်ကြာမှုမဖြစ်စေဘဲ အမှုတွဲများဖြေရှင်းရာတွင် အမြန်ဆုံး စိစစ်ဖြေရှင်းနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း ယမန်နေ့နံနက်ပိုင်းတွင် ပြည်နယ်အစိုးရ အဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပ ပြုလုပ်သည့် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ပြည်နယ်၊ ခရိုင်၊ မြို့နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က တိုက်တွန်း မှာကြားသည်။
ညှိနှိုင်းအစည်းအဝေးသို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည် စိစစ်ရေး ကော်မတီဝင် ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးမှူးများနှင့် ကော်မတီအဖွဲ့ ဝင်များ တက်ရောက်ခဲ့ကြသည်။
ကချင်ပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ကချင်ပြည်နယ်တွင် ခရိုင်၊ မြို့နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ အဆင့်ဆင့်အနေဖြင့် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များနှင့်အတူ မူဝါဒ၊ လုပ်ငန်းစဉ် ၊ ဆောင်ရွက်အချက် ၅၂ ရပ်နှင့်အညီ သက်ဆိုင်ရာခရိုင်၊ မြို့နယ်မြေစစ်ကော်မတီများအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များနှင့် အနီးကပ် ကြီးကြပ်ပူးပေါင်း၍ အထူးအလေးထား ဆောင်ရွက်သွားကြရေး၊ လုပ်ငန်းများ အမြန်ပြီးပြတ်အောင် အချိန်နှင့် တစ်ပြေးညီ စဉ်ဆက်မပြတ် အားထုတ် ကြိုးပမ်းဆောင်ရွက်သွားကြရေးနှင့် မြေယာကိစ္စများနှင့် ပတ်သက်၍ တိုင်ကြားစာများ၊ အမှုတွဲများဖြေရှင်းဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ရပ်ကျေးအဆင့်မှစ၍ မြို့နယ်၊ ခရိုင် အဆင့်အလိုက် မူဝါဒများနှင့်ညီညွှတ်ပါက ကြန့်ကြာမှုမဖြစ်စေဘဲ အမြန်ဆုံး စိစစ်ဖြေရှင်းဆောင် ရွက်သွားရေး တိုက်တွန်းမှာကြားသည်။
ယင်းနောက် ပြည်နယ်ကော်မတီတွဲဘက်အတွင်းရေးမှူး၊ မြေယာစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသိန်းလွင်က ပြည်နယ်အတွင်းရှိ မြေယာပြန်လည် စိစစ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှု၊ ဖြေရှင်းဆောင်ရွက်ရန်ကျန်ရှိသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ စိစစ် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်များအလိုက် ကော်မတီဥက္ကဋ္ဌများ၊ အတွင်း ရေးမှူး များနှင့် တွဲဘက်အတွင်းရေးမှူးများက ပြည်နယ်အတွင်း စွန့်လွှတ်မြေ များလွှဲပြောင်းပေးအပ်ပြီး စီးမှုအခြေအနေ၊ ပြည်ထောင်စုလွှတ်တော်စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာ အပိုင်း (၁)မှ (၁၈)ပါ မြေယာကိစ္စရပ်များ အကြောင်းအရာအလိုက် စီစစ်ဆောင်ရွက်မှုအခြေအနေများ၊ မြေ/စစ်ဗဟိုကော်မတီမှ လွှဲပြောင်းပေးပို့ လာသော တိုင်ကြားစာများအား အမှုတွဲအလိုက် စိစစ်မှုအခြေအနေနှင့် ပြည်နယ်/ခရိုင်/ မြို့နယ် မြေ/စစ် ကော်မတီအဆင့်ဆင့်သို့ တိုင်ကြားစာ များအား ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ စိစစ်ဆဲလုပ်ငန်းများ နှင့် ပတ်သက်၍ ပြည်နယ်ကော်မတီဝင်များနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ယနေ့ အစည်းအဝေးမှ ကချင်ပြည်နယ်အတွင်း မြေယာကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာ အပိုင်း (၁)မှ (၁၈)အထိ တိုင်ကြားစာအမှုတွဲပေါင်း (၁၄၉)မှုအနက် (၁၄၆) မှု ပြီးစီးအောင်ဆောင်ရွက်နိုင်ခဲ့ပြီး စိစစ်ဆဲ (၃)မှုသာရှိကြောင်း၊ သိမ်းဆည်းမြေနှင့် ပတ်သက်၍ အမှုတွဲပေါင်း (၂၃၁)တွဲကို မူလတောင်သူများသို့ အပ်နှံခြင်း၊ သက်ဆိုင်ရာဌာန/ အဖွဲ့အစည်း များသို့အပ်နှံခြင်းများကို ပြီးပြတ်အောင် ဆောင်ရွက်ပြီးစီးသဖြင့် သက်ဆိုင်ရာတောင်သူများထံ ဆက်လက် လွှဲ ပြောင်းပေးအပ်ရန်သာ ကျန်ရှိတော့ကြောင်းနှင့် ဗဟိုကော်မတီမှ လွှဲပြောင်းပေးသည့် အမှုတွဲပေါင်း (၁၃၈)တွဲတွင် စိစစ်ရန်အမှုတွဲ (၄၆)တွဲသာ စိစစ်ဆောင်ရွက်ရန် လိုအပ်ကြောင်း သိရှိရသည်။
ပြည်နယ်ပြန်/ဆက်


