မူဆယ် ၃၁  အောက်တိုဘာ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့တွင် (၅၈)ကြိမ်မြောက်မြို့နယ်လုံးကျွတ် စုပေါင်း မဟာဘုံကထိန်ပွဲကို နိုဝင်ဘာ(၁၀)ရက်နှင့် (၁၁)ရက်တို့တွင်  စည်ကားသိုက်မြိုက်စွာ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်ပွဲတော်တွင် ဌာနဆိုင်ရာများ၊ အ‌ခြေခံ စာသင်ကျောင်းများ၊ ရပ်ကွက်နေပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်အထောက်အကူပြု ကော်မတီများ၊ ပုဂ္ဂလိကဘဏ်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပရဟိတအသင်းများက စုပေါင်းထားသည့် ဘုံကထိန်ပဒေသာပင်များအား မြို့အတွင်း လှည့်လည်ခြင်း၊ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများမှ ဆရာတော် သံဃာတော်များအား ကထိန်သင်္ကန်းများ ဆပ်ကပ်လှူဒါန်းခြင်းများကို ရှေးရိုးရာ အစဉ်လာအတိုင်း စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

 

လွယ်တိန်ခမ်းတောင်ခြေအနီး အလှူခံမဏ္ဍပ်ဖြင့် နှစ်စဉ်အလှူခံပြီး ကျေးရွာများသို့ သွားရောက် လှူဒါန်းသည့် သဒ္ဒါဖြူစင်ပရဟိတအသင်းမှ ဦးမျိုးခိုင်က "မူဆယ်မြို့ပေါ်တော့ နှစ်တိုင်း စည်စည်ကားရှိတယ်၊ ပဒေသာ ပင်တွေလည်း နှစ်ရာကျော် သုံးရာအဲ့လိုရာချီပြီး‌ရှိတယ်၊ ကျနော်တို့က နှစ်တိုင်းအလှူခံတယ် အလှူခံပြီးတော့ မြို့နဲ့အလှမ်းဝေးတဲ့ရွာက ဘုန်းကြီးကျောင်း တွေမှာ သွားလှူတယ်၊ ဒီနှစ်တော့ မူဆယ်မြို့နယ် နမ့်ခွမ်ရွာဦးကျောင်းကို သွားပြီးလှူမယ် "ဟု ပြောသည်။

 

စုပေါင်းဘုံကထိန် လှည့်လည်ရာ မြို့တွင်းလမ်းတစ်လျှောက်တွင် ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေ ပြည်သူများက  အချိုရည်များ၊ မုန့်များနှင့် အခြားသောစားသောက်ဖွယ်ရာများအား အလှူဒါန ပြုလုပ်သွားမည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ပွဲတော်တွင် လမ်းသွားလမ်းလာ မိဘပြည်သူ (၇)ရက်သားသမီးများ ပါဝင်အလှူဒါနပြုနိုင်ရန် ရည်ရွယ်၍ မူဆယ်မြို့မှ ပရဟိတ အသင်းအသီးသီးက အလှူခံမဏ္ဍပ်များဖြင့် စတင်အလှူခံလျက်ရှိပြီး မြို့နှင့် ဝေးကွာသည့် ကျေးရွာများသို့ သွားရောက်ကာ ကထိန်ခင်းလှူဒါန်းလေ့ရှိကြောင်း သိရသည်။

 

ကိုမိုင်း(ပြန်/ဆက်)