၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်း ပြည်ပသို့ တရားဝင် အလုပ်သွားရောက်လုပ်ကိုင်သူ ၃၆၀၀၀ ကျော်နှင့် ပြည်တွင်း အလုပ်နေရာ ၂၈၀၀၀ ကျော်အား ခန့်ထားနိုင်ခဲ့

နေပြည်တော်  ၂၂  အောက်တိုဘာ

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်လုပ်ကိုင်နိုင်သူ တစ်ဦးချင်းဝင်ငွေ တိုးပွားစေရေးအတွက် ရည်ရွယ်၍ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေးအတွက် ပြည်ပသို့ တရားဝင်စေလွှတ်ခြင်းနှင့် ပြည်တွင်းအလုပ်အကိုင်များ ရှာဖွေပေးခြင်းတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြည်တွင်းအလုပ်အကိုင် ရရှိရေးကို ဦးစားပေး ဆောင်ရွက်ပေးခဲ့ပြီး သင့်တော်ကောင်းမွန်သည့် အလုပ်အကိုင်များရရှိစေရေးနှင့် အလုပ်ရှင်များအတွက်လည်း အလုပ်သမား လုံလောက်စွာ ခန့်အပ်ထားရှိရန် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများတွင် Labour Exchange Management System ဖြင့် Online မှဆောင်ရွက်ပေးခြင်းတို့အား လုပ်ဆောင်လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအတွင်း ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အလုပ်ရရှိမှုအခြေအနေမှာ အစိုးရအလုပ်အကိုင် ၁၆၃၇ ဦး ပုဂ္ဂလိက အလုပ်အကိုင် ၂၆၄၈၄ ဦး စုစုပေါင်း ၂၈၁၂၁  ဦး ဖြစ်သည်။

နိုင်ငံအလိုက် ပြည်ပအလုပ်အကိုင်ရရှိမှု အခြေအနေမှာ မလေးရှားနိုင်ငံသို့ ၉၁၄၅ ဦး၊ စင်ကာပူနိုင်ငံသို့  ၃၁ ဦး၊ ကိုရီးယားနိုင်ငံသို့ ၆၅၃ ဦး၊  ထိုင်းနိုင်ငံသို့ ၂၆၁၇၃ ဦး၊ ဂျပန်နိုင်ငံသို့ ၆၄၆ ဦး၊ ယူအေအီးသို့ ၁၀၁ ဦး၊ ဂျော်ဒန်နိုင်ငံသို့ ၁၅၃ ဦး စုစုပေါင်း ၃၆၉၀၂ ဦးကို အလုပ်အကိုင် ရရှိရေးအတွက် စေလွှတ်နိုင်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)