နေပြည်တော် ၂၁ အောက်တိုဘာ
မြန်မာနိုင်ငံရှိ SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသော JICA (ODA)SME နှစ်ဆင့်ချေးငွေစီမံကိန်းအဆင့်-၂ တွင် ထပ်မံပါဝင်လာသည့် ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်သည့်အဖွဲ့အစည်းများ (PFIs) နှင့် မြန်မာ့စီးပွားရေးဘဏ်တို့အကြား စီမံကိန်း ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ် ချုပ်ဆိုသည့်အခမ်းအနားကို အောက်တိုဘာ ၈ ရက်တွင် နေပြည်တော်ရှိ မြန်မာ့စီးပွားရေးဘဏ်၌ ကျင်းပခဲ့သည်။
ယင်းအခမ်းအနားသို့ မြန်မာ့စီးပွားရေးဘဏ်မှ ဦးဆောင်ညွှန်ကြားရေးမှူး၊ အထွေထွေ မန်နေဂျာများနှင့် စီမံကိန်းတွင် ထပ်မံပါဝင်လာသောဘဏ်များ ဖြစ်သည့် မြန်မာအရှေ့တိုင်းဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ နေပြည်တော်စည်ပင်ဘဏ်၊ အသေးစားနှင့်အလတ်စား လုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်တို့မှ တာဝန်ရှိပုဂ္ဂိုလ်များတက်ရောက်ပြီး သဘောတူစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ကြသည်။
JICA (ODA) SME နှစ်ဆင့်ချေးငွေစီမံကိန်းအဆင့်-၂သည် ဂျပန်နိုင်ငံအစိုးရကမြန်မာနိုင်ငံရှိ SME လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်ရှည်ချေးငွေပံ့ပိုးပေးသောစီမံကိန်းဖြစ်ပြီး မြန်မာ့စီးပွားရေးဘဏ်က Executing Agency အဖြစ် တာဝန်ယူဆောင်ရွက်ကာကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်၊ မြန်မာနိုင်ငံ သားများဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်၊ သမဝါယမဘဏ်၊ ပထမပုဂ္ဂလိကဘဏ်၊ ယူနိုက်တက်အမရဘဏ် တို့အပြင် ယခုမြန်မာအရှေ့တိုင်းဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ နေပြည်တော်စည်ပင်ဘဏ်၊ အသေးစား နှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်တို့က ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်သည့်အဖွဲ့ အစည်းများအဖြစ်ပါဝင်၍ SME လုပ်ငန်းများသို့ နှစ်လတ်ချေးငွေများ ထုတ်ချေးလျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)


