နေပြည်တော် ၂၁ အောက်တိုဘာ
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၇/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်းနှင့်အဖွဲ့ဝင် (၁၀)ဦး တက်ရောက်ကြသည်။ အစည်းအဝေးတွင် အိမ်ရာ/ အဆောက်အဦကဏ္ဍ၊ ပညာရေး ဝန်ဆောင်မှုကဏ္ဍ၊ စက်မှု ကဏ္ဍနှင့် စိုက်ပျိုးရေးကဏ္ဍတို့မှ လုပ်ငန်းစုစုပေါင်း (၈)ခု ခွင့်ပြုခဲ့သည်။ အဆိုပါ လုပ်ငန်းများ၏ ရင်နှီး မြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၂၇၉ ဒသမ ၈၈) သန်းနှင့် ငွေကျပ် (၁၅၆,၉၃၀ ဒသမ ဝ၁) သန်းရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၃၃,၂၇၉) နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။
၁၉၈၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာလကုန်အထိ နိုင်ငံပေါင်း (၅၀)တို့မှ စီးပွားရေး ကဏ္ဍ (၁၂)ခု တွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း (၁,၈၃၇)ခု ရင်းနှီးမြှုပ်နှံလျက်ရှိရာ စုစုပေါင်း အမေရိကန် ဒေါ်လာသန်းပေါင်း (၈၁,၈၇၄ ဒသမ ၂၆၅) ဖြင့် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုမိန့်များ ထုတ်ပေးခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်သောနိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်သည်။နိုင်ငံပေါင်း (၅၀)မှ စီးပွားရေးကဏ္ဍ (၁၂) ခုတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားရှိမှုမှာ ရေနံ နှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၂၇ ဒသမ ၃၈ ရာခိုင်နှုန်း) ဖြင့်လည်းကောင်း၊ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၂၅ ဒသမ ၈၇ ရာခိုင်နှုန်း) ဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၁၄ ဒသမ ဝ၈ ရာခိုင်နှုန်း) ဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။
(သတင်းစဉ်)


