ချောင်းဦး  ၂၀ အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ မုံရွေးကျေးရွာတွင် စစ်ကိုင်း-မုံရွာလမ်းပိုင်း လေးလမ်းသွား ကတ္တရာကွန်ကရစ်လမ်းဖွင့်ပွဲကို အောက်တိုဘာ ၂၀ ရက် နံနက် ၉ နာရီက မုံရွေးကျေးရွာ မိုင်တိုင် (၇၄/၄)နေရာ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့် စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်တို့မှ အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်ပြီး SHWE TAUNG HIGHWAY Co., LTD ၏ Group CEo ဦးအောင်ဇော်နိုင်က လမ်းနှင့်စပ်လျဉ်းသည့် အကြောင်းအရာများအား ရှင်းလင်းတင်ပြပြီး စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်မြေ(၄) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဦးက ကတ္တရာကွန်ကရစ်ခင်းလမ်းပိုင်းအဖြစ် အဆင့်မြှင့်တင် တည်ဆောက်ပေးသည့်အတွက်  ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် တိုင်းတရားသူကြီးချုပ် ဦးမျိုးမောင်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်/စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးသန်းညွှန့်ဝင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်မြေ(၄) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဦး၊ ချောင်းဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးနှင့် SHWE TAUNG HIGHWAY Co.,LTD ၏ ဒုတိယဥက္ကဋ္ဌ  ဦးရဲမြင့်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးကာ လေးလမ်းသွား ကတ္တရာကွန်ကရစ်လမ်းအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ယနေ့ဖွင့်လှစ်သည့် စစ်ကိုင်း-မြင်းမူ-မုံရွာလမ်းပိုင်း လေးလမ်းသွား ကတ္တရာကွန်ကရစ်လမ်း အရှည်မှာ ၇၄ မိုင် ၇ ဖာလုံရှိကြောင်း သိရသည်။

 

အိအိအောင်(ချောင်းဦး)