mdn

မကွေး ၁၄   အောက်တိုဘာ 

 

သက်တမ်းရှည် သနပ်ခါးပင်များကို သဘာဝအတိုင်း စိုက်ပျိုးထုတ်လုပ်နေရာမှ အပင်သန်ဆေးများ အသုံးပြု၍ သက်တမ်းတိုသနပ်ခါး စိုက်ပျိုးထုတ်လုပ်ခြင်းများ ရှိလာခြင်းကြောင့် ဈေးကွက်ကိုသာမက ယဉ်ကျေးမှုအမှတ်သညာများကိုပါ ထိခိုက်လာနိုင်ခြေရှိနေကြောင်း သနပ်ခါးရောင်းချသူများထံမှ သိရသည်။


                   
သဘာဝအတိုင်းစိုက်ပျိုးလျှင် နှစ်(၂၀)ခန့် သက်တမ်းရှိမှ ဈေးကွက်ဝင်သော်လည်း အပင်သန်ဆေး များကျွေးကာ (၄)နှစ်သက်တမ်းခန့်ဖြင့် ရောင်းတန်းဝင်အောင် ဆောင်ရွက်နေခြင်းကြောင့် ဈေးကွက် ဝယ်လိုအားများ ကျဆင်းနေပြီး မြန်မာ့ယဉ်ကျေးမှုလက္ခာဏာတစ်ရပ်မှာ မှေးမှိန်သွားနိုင်သည့် အခြေအနေဖြစ်ပေါ်နေခြင်းဖြစ်သည်။

 

 “သက်တမ်းတိုသနပ်ခါးတွေက အမွှေးနံ့သာကြာရှည်မခံဘူး။ သနပ်ခါးတုံးကလည်း ပိုးကိုက်လွယ်တယ်။ အပွေးတွေကပွပြီး အနှစ်သာရနည်းမယ်။ဝယ်သူအနေနဲ့ သက်တမ်း အတို၊အရှည်ကို လွယ်လွယ်ကူကူမခွဲနိုင်တာကြောင့် အရည်အသွေး အညံ့တွေနဲ့တွေ့ပြီး သနပ်ခါး အပေါ် မြတ်နိုးမှုနည်းသွားနိုင်ပါတယ်။ သက်တမ်းတိုတွေနဲ့ ဈေးကွက်ယှဉ် ရောင်းနေရ တာကြောင့် သဘာဝအတိုင်းစိုက်တဲ့ သက်တမ်းရှည်သနပ်ခါးတွေပါ ဈေးကွက်ထိခိုက်နေပါတယ် “ ဟု မကွေးမြို့မှ သနပ်ခါး အရောင်းဆိုင်ရှင် ဒေါ်ပပ က ပြောသည်။ 

 

သနပ်ခါးဆိုသည်မှာ မြန်မာ့လူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှုလက္ခဏာ အမှတ်သညာတစ်ခုဖြစ်ပြီး ဟိုတယ်များ ၊ ဘုရားစောင်းတန်းများ ၊ အထင်ကရနေရာများနှင့် ပွဲတော်များတွင် သနပ်ခါးကျောက်ပျဉ်ကြီးများနှင့် ရှင်မတောင်သနပ်ခါး တုံးကြီးများကိုချထားပေးကာ ခရီးသွား ဧည့်သည်တိုးရစ်များက အမှတ်တရ မြတ်နိုးစွာလိမ်းခြယ်မှုများ ပြုလုပ်လေ့ရှိနေကြသည်။ 

 

 “သနပ်ခါးစိုက်ပျိုးထုတ်လုပ်မှုဟာ စီးပွားရေးဈေးကွက်တစ်ခုတည်းနဲ့သာသက်ဆိုင်တာမဟုတ်ပါဘူး။ Traditional တစ်ခုရဲ့ အမှတ်သညာလည်း ဖြစ်ပါတယ်။ သက်တမ်းနုတဲ့သနပ်ခါးကို ရှားစေး သုတ်ကြောင်း ဆွဲပြီးရောင်းတာတွေ ရှိနေတယ်။  သနပ်ခါးတုံးကို လွှတိုက်လို့ထွက်လာတဲ့ အပွေးကို အချိန်နဲ့ဝယ်ကြတယ်။ အပွေးမရှိတဲ့အတုံးကို ရှိတယ်ထင်အောင်  စူပါဂလူးကော်နဲ့ကပ်ပြီး ရောင်းနေ တာတွေလည်းကြားရတယ်။ ထုတ်လုပ်ရောင်းချတာတွေအပေါ် သက်ဆိုင်တဲ့အဖွဲ့အစည်းတွေ က ထိန်းသိမ်းကွပ်ကဲတာ ၊ အကူအညီပေးတာတွေ လုပ်သင့်ပါတယ် ” ဟု မကွေးတိုင်း Woman Club ဥက္ကဌ ဒေါ်ကြူကြူခိုင်က  သုံးသပ်ပြောဆိုသည်။ 

 

မကွေးတိုင်းတွင် သနပ်ခါးကို ဒေသအနှံစိုက်ပျိုးကြသော်လည်း ပခုက္ကူ၊ ရေစကြိုနှင့် မြိုင်မြို့များ၌ အများဆုံး စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း၊ သနပ်ခါးလောကတွင် နာမည်အရဆုံးမှာ ရှင်မတောင် သနပ်ခါးဖြစ်ပြီး ရွှေစက်တော်နှင့် မြသလွန်ဘုရားပွဲတော်များတွင် ရောင်းအားကောင်းကြောင်း၊ ရယ်ဒီမိတ်သနပ်ခါးဈေးကွက် ဖွံ့ဖြိုးလာသော်လည်း လက်သွေး သနပ်ခါးကို ပါးပေါ်တင်သည့်ဓလေ့က သနပ်ခါးလောကကို အထောက်အပံ့ပြုနေခြင်းဖြစ်ကြောင်း သနပ်ခါးအရောင်းဈေးကွက် အတွင်းမှ သိရသည်။ 

 


 ဇေယျတု(မကွေး)