ပုလဲ ၁၁ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့ ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ အောက်တိုဘာ ၁၀ ရက်၊ နံနက် ၁၁နာရီက ပုံတောင်ဒေသရှိ ဂျင်ရှုပ်ကုန်းအတက် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဘိလပ်မြေအိတ်၂၀ဝ ထောက်ပံ့ပေးအပ်ပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီ းအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည့်က ပုံတောင်ဒေသရှိ ဆရာတော်များ၏ ဦးဆောင်မှုဖြင့် ဒေသအခေါ် ဂျင်ရှုပ်ကုန်းအတက်ကို ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်မည် ဖြစ်သောကြောင့် တောင်ပေါ်ဒေသရှိ ပြည်သူများအနေဖြင့် လမ်းခရီး သွားလာရာမှာ အဆင်ပြေချောမွေ့စေရေးကို ရည်ရွယ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဘိလပ်မြေအိတ် ၂၀ဝ ကို ထောက်ပံ့ပေးရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ကွန်ကရစ်လမ်းဖြစ်မြောက်ရေးကော်မတီမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ သက္ကယ်ကျင်း(အထက်) ဆရာတော်ဘဒ္ဒန္တ ဝိစိတ္တက“ ဘုန်းဘုန်းတို့ တောင်ပေါ်ဒေသက မိုးရာသီမှာလမ်းပန်းဆက်သွယ်ရေးက သွားလာဖို့အတွက် ခက်ခဲပါတယ်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေးအတွက်နှစ်စဉ် နှစ်တိုင်း နိုင်ငံတော်အစိုးရနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့က ခွင့်ပြုရန်ပုံငွေများ ချထားပေးပြီး လမ်းခင်းခြင်း လုပ်ငန်းကိုလည်း ဆောင်ရွက်ပေးပါတယ်။ အိုင်းမ - သစ်ကြီးတိုင်း - ကျော်တော- မယင်း-ဘန့်ဘွေး-သက္ကယ်ကျင်း-ရေသာ-စစ်ရင်လမ်းပိုင်း သစ်ကြီးတိုင်းကျေးရွာသွား လမ်းနှင့် စစ်ရင်ကျေးရွာသွား လမ်းဆုံရှိ ဒေသအခေါ် ဂျင်ရှုပ်ကုန်း အတက်က မိုးရာသီမှာ မော်တော်ယာဉ်များနှင့်ဆိုင်ကယ်များ သွားလာဖို့ ခက်ခဲပြီး အန္တရာယ်ရှိတဲ့အတွက်ကြောင့် ဒီကုန်းအတက်ကို ကွန်ကရစ်လမ်းခင်းမယ်ဆိုရင် ဒေသခံပြည်သူများအနေဖြင့် သွားလာမှုအဆင်ပြေမှာဖြစ်လို့ အောက်တိုဘာ ၅ရက်နေ့မှာ တောင်ပေါ်ဒေသရှိ ဆရာတော်များ ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ၊ ရပ်မိရပ်ဖများနှင့် အစည်းအဝေးပြုလုပ်ပြီး ကွန်ကရစ်လမ်းဖြစ်မြောက်ရေးကော်မတီကို ဖွဲ့စည်းခဲ့ပါတယ် ။ ကွန်ကရစ်လမ်း အရှည်ပေ ၄၀ဝ ၊ အကျယ် ၁၈ပေ၊ ထုထည် ၉ လက်မထု ခင်းခြင်းလုပ်ငန်းမှာ အရှည်ပေ ၁၀ဝ၊ အကျယ် ၁၈ပေ၊ထုထည် ၉လက်မထုကို ဘိလပ်မြေအိတ် ၂၆၀အိတ်၊ သဲ ၇ ကျင်း၊ ကျောက်သေး ၁၄ ကျင်း၊ ၃ မူးလုံး ၁ပေ ကွက် သံပင်များ ယက်လုပ်၍ ထည့်သွင်းပြုလုပ်ပြီး ကွန်ကရစ်လမ်းခြင်းလုပ်ငန်းကို ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ကွန်ကရစ်လမ်း ဖြစ်မြောက်ရေးအတွက် ပုံတောင်ဒေသရှိ ဆရာတော်များနှင့် ဒေသခံ ပြည်သူများမှ ထည့်ဝင်လှူဒါန်းငွေကျပ်၂၄၅၀ဝ၀ဝ၊ သဲကျင်း ၁၈ ကျင်း ၊ ကျောက်သေး ၁၆ ကျင်းကို အလှူခံရရှိပြီး ဖြစ်ပါတယ်။တောင်ပေါ်ဒေသရှိ ပြည်သူများအနေဖြင့် လမ်းခရီး သွားလာရာမှာ အဆင်ပြေ ချောမွေ့စေရေးကို ရည်ရွယ်ပြီး ဘိလပ်မြေအိတ် ၂၀ဝ ကို ထောက်ပံ့လှူဒါန်းပေးတဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များကိုလည်း ဒေသခံပြည်သူများရဲ့ကိုယ်စား ကျေးဇူးတင်ရှိပါတယ် ” ဟု မိန့်ကြားခဲ့သည်။
ထိုနောက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်တို့က ဘိလပ်မြေအိတ် ၂၀ဝ ကို ထောက်ပံ့ပေးအပ်ရာ သက္ကယ်ကျင်း(အထက်)ဆရာတော်ဘဒ္ဒန္တ ဝိစိတ္တနှင့် ရပ်မိရပ်ဖများက လက်ခံရယူခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးသန်းနိုင်နှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် အမေ့နန်းတော်ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်လျက်ရှိသော မြို့တော်ခန်းမ ဆောက်လုပ်ပြီးစီးမှု အခြေအနေများနှင့် အောင်ရဲမော် ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်လျက်ရှိသော မြို့မဈေးသစ် ဆောက်လုပ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များနှင့် ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
မြင့်သိန်းစိုး(ပြန်/ဆက်)


