နေပြည်တော် ၁၀ အောက်တိုဘာ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မကွေးပြည်သူ့ဆေးရုံကြီးတွင် ကျင်းပခဲ့သည့် ဆီးချို၊ သွေးချိုရောဂါပညာပေးကုသဌာန (Center of excellence for Diabetes Management) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဆီးချို၊ သွေးချိုရောဂါ ပညာပေးကုသဌာန များကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီး၊ နေပြည်တော် (ခုတင် - ၁၀ဝ၀) ပြည်သူ့ဆေးရုံကြီးတို့တွင် ဖွင့်လှစ်ခဲ့ပြီး ယခု မကွေးပြည်သူ့ ဆေးရုံကြီးတွင် (၅)ခုမြောက်အဖြစ် ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ ၂၀၁၉ ခုနှစ်အတွင်းတွင် သင်္ဃန်းကျွန်း ပြည်သူ့ဆေးရုံကြီးနှင့် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတို့တွင် ထပ်မံ၍ ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ ဆီးချို၊ သွေးချိုရောဂါ ပညာပေးကုသဌာနများတွင် ဆီးချို၊ သွေးချိုရောဂါ ရှာဖွေစစ်ဆေးခြင်း၊ အင်ဆူလင်ဆေးထိုးပေးခြင်း အပါအဝင် လိုအပ်သော ကုသမှုများအား ပြင်ပလူနာအနေဖြင့် ဆောင်ရွက်ပေးခြင်း၊ မျက်စိစမ်းသပ်ခြင်း၊ အာရုံကြော ပျက်စီးမှု ရှိမရှိ စမ်းသပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ International Diabetes Federation ၏ ၂၀၁၈ ခုနှစ် စာရင်းဇယားများအရ ကမ္ဘာပေါ်ရှိ လူပေါင်း(၄၁၅) သန်းကျော်တွင် ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားနေပြီး ထိုအရေအတွက်သည် (၂၀၄၀) ခုနှစ်တွင် သန်းပေါင်း (၆၄၂)သန်းအထိ တိုးပွားလာနိုင်ဖွယ်ရှိပါကြောင်း။
ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားသူစုစုပေါင်း ၈၅ မှ ၉၅ ရာခိုင်နှုန်းမှာ အမျိုးအစား(၂) ဆီးချိုသွေးချိုရောဂါ (Type 2 DM) ရှင်များ ဖြစ်ပါကြောင်း၊ ဆီးချိုသွေးချိုရောဂါသည် ကျောက်ကပ်ပျက်စီးခြင်းကို ဖြစ်စေသည့် အဓိကအကြောင်းရင်း ဖြစ်ပါကြောင်း၊ ထိခိုက်ဒဏ်ရာ ရခြင်းကြောင့်မဟုတ်ဘဲ ခြေထောက်ဖြတ်ရခြင်း၏ အဓိက အကြောင်းရင်းလည်းဖြစ်ပြီး ဆီးချိုသွေးချိုရောဂါရှိသူသည် မရှိသူထက် ခြေထောက်ဖြတ်ခံရ နိုင်ခြေမှာ (၁၅)ဆ မှ (၄၀) ပိုများပါကြောင်း၊ ဆီးချိုသွေးချိုရောဂါရှင်သည် ရောဂါမရှိသူထက် (၂၅)ဆပို၍ မျက်စိအမြင် ဆုံးရှုံးနိုင်ပါကြောင်း၊ နှလုံးသွေးကြောကျဉ်းရောဂါနှင့် လေဖြတ်လေငန်းရောဂါကို ဖြစ်စေနိုင်သည့် အဓိကအန္တရာယ်အခြေအနေ တစ်ခုလည်း ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကျေးလက်ကျန်းမာရေးဌာနများတွင် ဗုဒ္ဓဟူးနေ့တိုင်း၌ ဆီးချို၊ သွေးချိုနှင့် သွေးတိုးရောဂါ စစ်ဆေးကုသမှု ဆေးခန်းများဖွင့်လှစ် ဆောင်ရွက်လျက်ရှိပြီး အဆိုပါ ဆေးခန်းများမှတစ်ဆင့် ရောဂါဖြစ်ပွားမှု စာရင်းဇယားများကို ရရှိနိုင်မည်ဖြစ်ပါကြောင်း။
ကျန်းမာရေးနှင့် ညီညွတ်သည့် နေထိုင်စားသောက်မှု ပုံစံများကို လိုက်နာကျင့်သုံး ခြင်းအားဖြင့် ဆီးချို၊ သွေးချိုရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်ပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် “ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး” ဆောင်ပုဒ်ဖြင့် ပြည်သူများ ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်မှုများ ပိုမိုပြုလုပ်နိုင်စေရေး လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယခုကဲ့သို့ ဆီးချို၊ သွေးချိုရောဂါပညာပေးကုသဌာန ဖွင့်လှစ်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက အမှာစကား ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး Mr. John Nielsen က ဒိန်းမတ်နိုင်ငံအနေဖြင့် Myanmar Diabetes Care Program လုပ်ငန်းများတွင် ဆက်လက် ပူးပေါင်းပါဝင် ပံ့ပိုးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆီးချို၊ သွေးချိုရောဂါ ပညာပေးကုသဌာနကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လှည့်လည်ကြည့်ရှုသည်။
သတင်းစဉ်


