ကမမောင်း ၊ အောက်တိုဘာ ၁၀
ကရင်ပြည်နယ်၊ ကမမောင်းမြို့ အမှတ်(၄)ရပ်ကွက်၊ အထက်မီးဇိုင်းအုပ်စုရှိ မိခင်များက ကျန်းမာရေး ဝန်ထမ်းများနှင့် ပူးပေါင်း၍ အာဟာရပြည့်ဝသောအစားအစာများ ချက်ပြုတ်ခြင်း ဆိုင်ရာ ပြိုင်ပွဲနှင့် ကျန်းမာရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့ မနက်(၁၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
မိခင်များနှင့် အုပ်ထိန်းသူများမှ မိမိတို့မိသားစုများအတွက်အာဟာရပြည့်ဝမျှတသည့် အစားအစာများ ပြင်ဆင်ချက်ပြုတ်ခြင်းဆိုင်ရာ ဗဟုသုတများရရှိစေရန်၊သန့်ရှင်း၍ ဥပါဒ်ကင်းပြီး အာဟာရ အုပ်စု(၃) အုပ်စုနှင့် ညီညွတ်မျှတအောင် ချက်ပြုတ်ကျွေးမွေးတတ်စေရန်နှင့် အာဟာရပြည့်ဝမျှတသည့် အစားအစာများကို စားသုံးလာသော အလေ့အထကောင်းများ ရှိလာ စေရန် ရည်ရွယ်ကြောင်း၊ ဦးတည်အုပ်စုအနေဖြင့် ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များ၊ ၅နှစ်အောက်ကလေးများ၊ မိသားစုဝင်များ၊ မသန်စွမ်းမိဘများအတွက် ဦးတည်၍ အစားအစာ ချက်ပြုတ် ပြိုင်ပွဲ ကျင်းပပေးခြင်း ဖြစ်သည်။
အာဟာရပြည့်ဝသော အစားအစာများ ပြင်ဆင်ချက်ပြုတ်ပြိုင်ပွဲ၌ တစ်ဖွဲ့လျှင် အနည်းဆုံး (၃၅၀ဝ)ကျပ်မှ အများဆုံး (၅၀ဝ၀)ကျပ်အထိ သုံးစွဲနိုင်ကြောင်း၊ အချိုမှုန့်/ကြက်သားမှုန့်များ လုံးဝမသုံးရန်၊ ဆီလျှော့သုံး ရန်၊ဈေးနှုန်းတန်ဖိုးနည်းပြီး ဒေသလက်လှမ်းမီနိုင်သော အစားအစာများ ဖြစ်ရန်၊ အာဟာရ အုပ်စု(၃)မျိုးထဲမှ အချိုးညီပါဝင်အောင်ပြင်ဆင်ချက်ပြုတ်ရန်နှင့် ချက်ပြုတ်မည့် အစားအစာများ သန့်ရှင်းရန်နှင့် ချက်ပြုတ်ပြိုင်မည့်မိခင်များ ၏ တစ်ကိုယ်ရည် သန့်ရှင်းမှု ရှိရန်စည်းကမ်းချက်များထားရှိကြောင်း သိရသည်။
ပြင်ဆင်ချက်ပြုတ်ရာတွင် ဆောင်ရန်၊ ရှောင်ရန်အချက်များ သတ်မှတ်ပေးထားပြီး ကျန်းမာရေး ဝန်ထမ်းများနှင့် ရပ်ကွက် ကျေးရွာအခြေပြု ကော်မတီဝင်များ ပူးပေါင်း၍ ပြိုင်ပွဲဝင်အဖွဲ့များအား အမှတ်ပေး စည်းကမ်းချက်များနှင့်အညီ အကဲဖြတ်၍ အမှတ်ပေးခဲ့ကြပြီး ရပ်ရွာအခြေပြု အဖွဲ့မှ ပြိုင်ပွဲဝင်များအား အမှတ်တရ ဆုလက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ကျန်းမာရေး ဝန်ထမ်းဆရာမများက ကျန်းမာရေး အသိပညာပေးဆွေးနွေးပွဲပြုလုပ်ပေးခဲ့ကြကြောင်း သိရှိရ သည်။
လင်းသန့်(ပြန်/ဆက်)


