ဆိပ်ဖြူ ၁၀ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် အရှေ့ကံတွင်းကျေးရွာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ၊တံတားဦးစီးဌာန ၊တည်ဆောက်ရေးအဖွဲ့(၂) ၊တံတားအထူးအဖွဲ့(၅) ဆိပ်ဖြူကတာဝန်ယူ တည်ဆောက် ပြီးစီးခဲ့သည့် ဆိပ်ဖြူ - ပခုက္ကူ ကားလမ်း ယောချောင်းတံတား(ကံတွင်း) တံတားသစ်ကြီးကို ယနေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်ပေးကြောင်းသိရှိရသည်။
အဆိုပါ အခမ်းအနားသို့ ဒေသခံကျေးရွာဘုန်းတော်ကြီးကျောင်းများ ဆရာတော် သံဃာတော်များ ကြွချီတော်မူခဲ့ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ ဆောက်လုပ်ရေးနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦး ၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိုက် ၊အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမြမင်းဆွေ ၊တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များဖြစ် သည့် ဦးကျော်ဆန်းအောင်နှင့် ဒေါ်သက်မွန်အေး ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊တံတားဦးစီးဌာန (ရုံးချုပ်)နေပြည်တော် အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးသိန်းအောင် ၊ တိုင်းဒေသကြီးလမ်းဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) ဦးစံမင်းအောင် ၊ တံတားဦးစီးဌာန ၊တည်ဆောက်ရေးအဖွဲ့(၂) ၊တံတားအထူးအဖွဲ့(၅) ဆိပ်ဖြူမှ ဒုတိယညွှန်ကြားရေးမှူး ဦးညီညီဇော်နှင့် ဝန်ထမ်းများ ၊ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် ပခုက္ကူ/ဆိပ်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့သည်။
ရှေ့ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးနှင့် တာဝန်ရှိသည်များသည် ယောချောင်း တံတား(ကံတွင်း) ရှင်းလင်း ဆောင်ခန်းမ၌ ဆရာတော်သံဃာတော်များအား အာရုံဆွမ်းများ ဆပ်ကပ်လှူဒါန်းခဲ့သည်။ ၎င်းနောက် နံနက် ၇နာရီအချိန်တွင် ယောချောင်းတံတား (ကံတွင်း)တံတားပေါ်၌ ဆရာတော်သံဃာတော်များက အန္တရာယ်ကင်းပရိတ်တရားတော်များနှင့် အနုမောဒနာတရားတော်များ ချီးမြှင့်ပေးတော်မူခဲ့ပြီး ဆရာတော်ကြီးများက ယောချောင်း တံတား(ကံတွင်း) တံတားသစ်ကြီး ကမ္ဗည်းမော်ကွန်းကျောက်စာတိုင်အား အန္တရာယ်ကင်းပရိတ် အမွှေးနံ့သာရည်များကို ပက်ဖျန်းပေးတော်မူခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရဖွဲ့ ဝန်ကြီး၊လွှတ်တော်ကိုယ်စားလှယ်ကြီးများ ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ၊တံတားဦးစီးဌာန အင်ဂျင်နီယာချုပ်နှင့် တာဝန်ရှိသူများက ကမ္ဗည်းမော်ကွန်း ကျောက်စာတိုင်အား အမွေးနံ့သာရည်များကို ပက်ဖြန်းခဲ့ကြပြီး တံတားသစ်ကို ကြည့်ရှုစစ်ဆေး၍ ဖွင့်လှစ်ပေးခဲ့သည်။
ဆိပ်ဖြူ-ပခုက္ကူကားလမ်း အရှေ့ကံတွင်းကျေးရွာတွင် ယခင်ကဒေသခံပြည်သူအများနှင့် ခရီးသွားပြည်သူအများက တံတားတစ်စင်းကို အသုံးပြု၍ သွားလာမှုရှိခဲ့သော်လည်း ၂၀၁၀ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်တို့တွင် တိုက်ခတ်ခဲ့သည့် အိုတူးဘီ မုန်တိုင်း နှင့် ဂီရိမုန်တိုင်း ဒဏ်ကြောင့် ရေကြီးရေလျှံမှုဖြစ်ကာ ယခင်တံတားမှာ ပျက်စီး ဆုံးရှုံးသွားခဲ့ရပြီး ဒေသခံပြည်သူအများနှင့် ခရီသွားပြည်သူများ လမ်းအခက်အခဲဖြစ်ပေါ်ခဲ့ရကြောင်းသိရှိရသည်။
နိုင်ငံတော်အစိုးရက ဒေသခံပြည်သူများ၏ ခရီးသွားလာမှုနှင့် လမ်းအခက်အခဲများကြောင့် ပညာရေး ၊ကျန်းမာရေး ၊စီးပွားရေးဆိုင်ရာကိစ္စရပ် ပြဿနာများကို ဒေသခံပြည်သူများက သက်ဆိုင်ရာ တာဝန်ရှိသူများထံ တင်ပြခဲ့မှုကြောင့် လမ်းအခက်အခဲမရှိ ခရီးသွားလာမှု အဆင်ပြေစေရန် ယောချောင်းတံတား(ကံတွင်း) တံတားသစ်ကို ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ် တွင် နိုင်ငံတော်ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ခွင့်ပြုပေးခဲ့ကြောင်းသိရသည်။
ယောချောင်းတံတား(ကံတွင်း) တံတားသစ်ကို ဆောက်လုပ်ရေးဝန်ကြီးဌာန ၊တံတားဦးစီးဌာန ၊တည်ဆောက်ရေး အဖွဲ့(၂) ၊တံတားအထူးအဖွဲ့(၅) ဆိပ်ဖြူမှ ဒုတိယညွှန်ကြားရေးမှူး ဦးညီညီဇော်၊ ဦးစီးအရာရှိ(မြို့ပြ) ဦးအေးမြင့်နှင့် ကျွမ်းကျင်ဝန်ထမ်းများက ၂၀၁၇ ခုနှစ် ဇွန်လ ၅ရက်နေ့မှ စတင်၍ နိုင်ငံတော်၏ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ် ခွင့်ပြုငွေ ကျပ်သန်း(၁၀ဝ၀)၊ Mini Budget ကျပ်သန်း(၃၀ဝ) ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ကျပ်သန်း(၁၄၀ဝ)ကျပ်ဖြင့်တည်ဆောက်ခဲ့ပြီး အောက်ခံ အုတ်မြစ် အချင်း(1.2) မီတာ Bore Pile အမျိုးအစား၊ သံကူကွန်ကရစ်ကပ်ခုံ (၂)ခု ပါ ရေလယ်တိုင်ရေလည်တိုင်(၈)တိုင် ကိုယ်ထည် ၊ယက်မ (100) PC Girder (၉)ခန်း ၊ သံကူကွန်ကရစ် ကြမ်းခင်း(၉)ခန်းနှင့် Steel Pipe လက်ရန်းအမျိုးအစား၊ တံတားအရှည် (၉၀ဝ)ပေ ၊ တံတားအကျယ် (၃၀) ပေ၊ယာဉ်သွားလမ်းအကျယ် (၂၄)ပေ နှစ်လမ်းမောင်း၊လူသွားလမ်း တစ်ဘက်လျှင် (၃)ပေ လူသွားလမ်းနှစ်လမ်း ပါရှိပြီး ခွင့်ပြုတန်ချိန် ကုန်+ယာဉ် တန်(၆၀) ဖြစ်ကြောင်း၊ မြို့နယ်လမ်းဦးစီးဌာနက ယောချောင်းတံတား(ကံတွင်း)ဆိပ်ဖြူ ဘက်ကမ်း ချဉ်းကပ်လမ်း ၂ဖာလုံ ၊ ပခုက္ကူ မြို့နယ်ဘက် ချဉ်ကမ်းလမ်း ၃ မိုင်တို့ကို လမ်းတာဘောင် ၃၄ ပေအကျယ်ဆောင်ရွက်ပေးထားသည့်အပြင် ယခင်လမ်းဟောင်း အန္တရာယ်အတက်အဆင်း သုံးထပ်ကွေ့အား အများပြည်သူ လမ်းအန္တရာယ်ကင်းဝေးစေရန် လမ်းဖြောင့်၍ ဖောက်လုပ် ပေးခဲ့ကြောင်း သိရှိရသည်။
စိုးလင်းနိုင်(IPRD)


