ဆော ၁၀ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး ယောရပ်ဒေသဖြစ်သည့် ဆောမြို့နယ်တွင် ဝါလကင်းလွတ်သီတင်းကျွတ် အခါသမယ၌ သီတင်းကျွတ်မီးထွန်းပွဲတော်တွင် ယောဓလေ့ရိုးရာ ပွဲတော်အဖြစ် မီးကြာ လှည့်ပွဲ၊ သနပ်ခါးပါးတို့ပွဲများ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ရပ်ကွက်၊ ကျေးရွာများ အလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းယောဓလေ့ရိုးရာ သီတင်းကျွတ်မီးထွန်းပွဲတော် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများအဖြစ် ပွဲတော်မတိုင်မီ တစ်လခန့်အလိုမှစ၍ မီးကြာမြင့်မိုရ်တောင် ဆောက်လုပ်ခြင်း၊ ဝင်္ကပါ ဆောက်လုပ်ခြင်းနှင့် မီးအုပ်၊ မီးကြာများကို ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြသည်။
အဆိုပါ ပွဲတော်ကို သီတင်းကျွတ်လဆန်း ၁၄ ရက်မှသီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ မီးကြာမီးအုပ်များ ရေစက်ချလှူဒါန်းခြင်းနှင့် မြတ်စွာဘုရားထံတွင် ဆီမီး၊အမွေးနံ့သာ ကပ်လှူပူဇော်ခြင်းကို သီတင်းကျွတ်လဆန်း ၁၄ ရက်တွင်လည်းကောင်း၊ ရွာဦးကျောင်းများတွင် ဝင်္ကပါများ ဆောက်လုပ်ကြပြီး ဝင်္ကပါအလယ်မှာရှိတဲ့ မြတ်စွာဘုရား၏ ရုပ်ပွားတော်မြတ်ကို မီးကြာလှည့်လည်၍ ဆီမီးပူဇော်ခြင်းနှင့်ယောဒေသ၏ ဓလေ့တစ်ခုဖြစ်သည့် သနပ်ခါးပါးတို့ပွဲကို သီတင်းကျွတ်လပြည့်နေ့နှင့် လပြည့်ကျော်တစ်ရက်နေ့တို့တွင်လည်းကောင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်မျိုးသန့်(ပြန်/ဆက်)


