ရန်ကုန်  ၂၈   စက်တင်ဘာ

 

ပြည်ပသို့ဆန်တင်ပို့ရာတွင် ဆန်ထည့်ရန် ကွန်တိန်နာအလွတ်ရရှိမှု နည်းသည့်အတွက် အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း စက်တင်ဘာ ၂၅ ရက်က မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

 

 ပြည်ပပို့ရင် ကွန်တိန်နာနဲ့တင်ပို့ရတဲ့အတွက် ကွန်တိန်နာကလည်း ကိုယ့်တိုင်းပြည်ထဲကို သွင်းလာတဲ့ ပစ္စည်းရှိမှ နိုင်ငံခြားကနေ မြန်မာနိုင်ငံကို သွင်းလာတဲ့ ကုန်ပစ္စည်းတွေကို ချပြီးမှ အလွတ်ကို ဆန်ပြန် ထည့်ရတဲ့အတွက် ကွန်တိန်နာရရှိမှု တော်တော်ကြီးကို အခက်အခဲရှိတယ်ဟု ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

 

ဆန်ကို ကွန်တိန်နာနှင့် တင်ပို့ရခြင်းဖြစ်ပြီး ပြည်ပတင်ပို့မည့်ဆန်များကို တင်သွင်းလာသည့်သွင်းကုန် ပစ္စည်းများ၏ ကွန်တိန်နာကို ဖလှယ်ပြီးမှသာ ထည့်သွင်းတင်ပို့ရခြင်းဖြစ်ပြီး နိုင်ငံတကာ ဈေးကွက်ကလည်း အရည်အသွေးကောင်းသည့် ကုန်ပစ္စည်းများ တောင်းဆိုလာပြီး ကွန်တိန်နာ ရရှိမှုကလည်း အခက်အခဲဖြစ်သည့်အတွက် ဆန်ကို ပို့ကုန်မြှင့်တင်ရေး ဆောင်ရွက်သည့်အခါတွင် ယင်းအချက်များသည် ဆန်တင်ပို့မှုကိုကြန့်ကြာစေကြောင်း ဆန်လုပ်ငန်းရှင်များက ပြောကြားသည်။

 

ဆန်ကိုပို့ကုန်မြှင့်တင်ရေးပြုလုပ်ရန်အတွက်လည်း လာမည့် နိုဝင်ဘာလတွင် အာဖရိကသို့ ဈေးကွက်သွားရောက် ရှာဖွေမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း ဆန်ဝယ်ယူသူများကိုဖိတ်ခေါ်၍ ဆွေးနွေးပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရသည်။

 

၂၀၁၈-၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်မှ သြဂုတ်လ ၃၀ ရက်အထိ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၂ ဒသမ ၁ သန်းကျော်တင်ပို့ထားပြီး တင်ပို့ငွေ အမေရိကန်ဒေါ်လာ ၆၅၃ သန်းရရှိထားကြောင်း ကုန်သွယ်မှု စာရင်းများအရ သိရသည်။

 

သူရိန်ကျော်