စဉ့်ကိုင် ၂၈ စက်တင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ပလိပ်ကျေးရွာအုပ်စုပန်ဒါချည်မျှင်နှင့် အချောထည်စက်ရုံတွင်မြို့နယ်အမျိုးသမီးကော်မတီကကြီးမှူး၍ မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက အဆိုပါစက်ရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊မြို့နယ်အမျိုးသမီးကော်မတီအဖွဲ့ဝင်များ၊ ရင်ခွင်မဲ့ကလေးများလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းဥက္ကဌနှင့် အဖွဲဝင်များ၊စက်ရုံရှိဝန်ထမ်းများတက်ရောက်ခဲ့ကြပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာကြည်မို့မို့လွင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ရှေးဦးစွာ မြို့နယ်ရဲတပ်ဖွဲ့၊ ရဲမှူး ရဲဗလညွန့်ဌေးက သက်ငယ်မုဒိမ်းနှင့် ဥပဒေရေးရာ အဖြာဖြာကောင်း၊ မြို့နယ်ကျန်းမာရေး ဆရာမကြီး ဒေါ်နုနုလွင်က တုတ်ကွေးအကြောင်းနှင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းအောင် ကာကွယ်နေထိုင်ရမည့် သိကောင်းစရာများကိုလည်းကောင်း၊ တွဲဖက် မြို့နယ်ဥပဒေအရာရှိဒေါ်ဌေးနန္ဒာလေးက အမျိုးသမီးတို့အတွက် အကာအကွယ်ပေးသည့် ဥပဒေနှင့်သိမှတ်ဖွယ်ရာများကိုလည်းကောင်း၊ မြို့နယ်အမျိုးသမီးကော်မတီ အဖွဲ့ဝင် ဒေါ်မြင့်မြင့်သန်းက မြို့နယ်အမျိုးသမီးကော်မတီ၏ဆောင်ရွက်ချက်နှင့် ပတ်သက်၍ သိကောင်းစရာများ၊ ရင်ခွင်မဲ့ကလေးများလျော့ချရေးနှင့်ကာကွယ်စောင့်ရှောက်ရေးအသင်းဒေါ်ထွေးထွေးခိုင်ကအသင်းနှင့်ပတ်သက်သည့်ဆောင်ရွက်များကိုလည်းကောင်းအသီးသီးဟောပြောခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသောစက်ရုံရှိ ဝန်ထမ်းများကသိလိုသည်များကို မေးမြန်းကြရာတာဝန်ရှိသူများ အသီးသီးပြန်လည်ရှင်းလင်းခဲ့ကြပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဝင်းစိုးကနိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ဝင်းဝင်းသန်း(စဉ့်ကိုင်)


