မလှိုင်၂၇ စက်တင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တွင် မနက်ခင်းပျံကျဈေးကို လာမည့် အောက်တိုဘာလအတွင်း စမ်းသပ်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မလှိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
မလှိုင်မြို့နယ်တွင် မြို့မစည်ပင်သာယာဈေး တစ်ခုတည်းကိုသာ မှီခိုနေရသဖြင့် လက်ရှိ မြို့မဈေးကြီးအတွင်း ပျံကျဈေးရောင်းချသူများ နေရာကြပ်တည်းခြင်းကို ဖြေရှင်းနိုင်ရန်၊ မလှိုင်မြို့ အမှတ် ၂ ရက်ကွက်၊ မြို့ဦးကွက်သစ်၊ ဝန်ထမ်းအိမ်ယာနှင့် အမှတ် ၁၁၊ အမှတ် ၁၄ ရှိ ရပ်ကွက်နေပြည်သူများ နီးကပ်လွယ်ကူစွာ ဟင်းလျာဈေးဝယ်နိုင်ရန်နှင့် ၎င်းမြို့ပြဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပေးနိုင်ရန်အတွက် မလှိုင်မြို့ မျိုးဦးကွက်သစ်ရပ်ကွက်ရှိ ဈေးကုန်းနေရာ၌ ပျံကျဈေးအဖြစ် စမ်းသပ်ဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မလှိုင်မြို့နယ် စည်ပင်သာရေးဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ထွေးမှ ပြောကြားသည်။
အဆိုပါ ပျံကျဈေးအား ရောင်းချမည့် ဈေးသည်များနှင့် တိုင်ပင်ညှို့နှိုင်း၍ လာမည့် အောက်တိုဘာ ၁၀ ရက်တွင် စတင်ဖွင့်လှစ်ရောင်းချရန် စီစဉ်ထားကြောင်း သိရသည်။
မလှိုင်မြို့ မြို့ဦးကွက်သစ်ဈေးမှာ ၁၉၈၁ ခုနှစ်က မြို့မြေအဖြစ် တိုးချဲ့မြေ တည်ဆောက်စဉ်ကတည်း ဈေးကုန်းအဖြစ် သတ်မှတ်တည်ဆောက်ခဲ့သော်လည်း ထိုအချိန်က လူနေအိမ်နည်းပါးခြင်း၊ လူဦးရေနည်းပါးခြင်းများကြောင့် ဈေးမှာ မအောင်မြင်ခဲ့ကြောင်း၊ ယခုအချိန်တွင် မြို့ဦးကွက်သစ် အမှတ် ၂ ရပ်ကွက်၊ အမှတ် ၁၀ ရက်ကွက်၊ အမှတ် ၁၄ ရပ်ကွက်နှင့် ဇီးပင်ကန်ကျေးရွာတို့မှာ လူဦးရေတိုးတက်လာခြင်း၊ အဆိုပါရပ်ကွက်တွင် ဝန်ထမ်းအိမ်ရာတည်ရှိလာပြီး မိသားစု လူဦးတိုးတတ်လာခြင်းကြောင့် ဈေးကုန်အနီးရှိ ဒေသခံပြည်သူများ အဆင်ပြေစေရန် ရည်ရွယ်၍ နံနက်ခင်း ပျံကျဈေးဖြစ် စမ်းသပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မလှိုင်မြို့နယ် စည်ပင်သာရေးကော်မတီအဖွဲ့ဝင် ဦးသန်းထွန်းအောင်မှ ပြောကြားသည်။
မြို့ဦးကွက်သစ်ရပ်ကွက်တွင် ဖွင့်လှစ်မည့် နံနက်ခင်းပျံကျဈေး၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သတ်မှတ်စမ်းသပ်ကာလအတွင်း အခွန်အခများ ကောက်ခံသွားမည် မဟုတ်ကြောင်း သိရသည်။
“ရပ်ကွက်ထဲမှာ အရင်တုန်းကတည်းကရှိခဲ့တဲ့ ဈေးကုန်းကို ပြန်လည်ဖွင့်လှစ်မယ်ဆိုတော့ ရပ်ကွက်မှာရှိတဲ့ ပြည်သူတွေအနေနဲ့ ဈေးဝယ်ရ လွယ်ကူပြီးတော့ အလုပ်အကိုင်ခွင့်လမ်းတွေ ရရှိနိုင်တဲ့အတွက် ကျေနပ်ပါတယ်။ အရင်တုန်းကလို ဈေးကုန်းကြီးကို ပျက်စီးသွားတာမျိုးကို မဖြစ်အောင် ထိန်းသိမ်းဖို့တော့ လိုတာပေါ့နော်။ ကျနော်တို့ရပ်ကွက်မှာ ဈေးလေးတစ်ခု ဖြစ်လာမယ်ဆိုရင်တော့ အတိုင်းမသိ ဝမ်းသာပါတယ်” ဟု ဒေသခံပြည်သူ ဦးမောင်ဌေးမှ ပြောကြားသည်။
ယခုလက်ရှိအချိန်တွင် ပျံကျဈေးအတွင်း ရောင်းချလိုသူများအား စာရင်းကောက်ခံလျက်ရှိရာ လာရောက်လျောက်ထားသူဦးရေ ၁၄၀ ကျော် ရှိနေပြီး မြို့ဦးကွက်သစ် နံနက်ခင်းစမ်းသပ်ဈေး မြေနေရာမှာ မြေဧက ၂ ဧကကျော်ရှိကာ ဈေးသည် ၂၀ဝ ဦးခန့် ရောင်းချနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မလှိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
မလှိုင်မြို့တွင် ကျေးရွာအုပ်စု ၅၂ အုပ်စုနှင့် မြို့ပေါ်ရပ်ကွက် ရပ်ကွက်ကြီးလေးခုရှိကာ လူဦးရေ ၁ သိန်းခွဲဝန်းကျင်ရှိပြီး မလှိုင်မြို့မ စည်ပင်သာယာဈေးတစ်ခုတည်း တည်ရှိသောကြောင့် မြောင်ဦးကွက်သစ် ဈေးကုန်း၌ နနက်ခင်းပျံကျဈေး ပြုလုပ်မည့်အပေါ် အဆိုပါရပ်ကွက်နေ ဒေသခံပြည်သူများ ဝမ်းမြောက်လျက်ရှိသည်။
ဘိုဘို (မလှိုင်)


