နေပြည်တော် ၂၇ စက်တင်ဘာ
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၆/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင်အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင် (၁၀)ဦး တက်ရောက်ကြသည်။
အစည်းအဝေးတွင် မွေးမြူရေးကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၊ အခြားဝန်ဆောင်မှုကဏ္ဍနှင့် သတ္တုကဏ္ဍတို့မှ လုပ်ငန်းစုစုပေါင်း (၆) ခု ခွင့်ပြုခဲ့သည်။ အဆိုပါလုပ် ငန်းများ၏ ရင်နှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၁၄၇ ဒသမ ၉၀၃) သန်းနှင့် ကျပ်သန်း (၂၀ဝ၀) ရှိပြီး ပြည်တွင်း လုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၁၀၈၃)နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။
၁၉၈၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် ဩဂုတ်လကုန်အထိ နိုင်ငံပေါင်း (၅၀)တို့မှ စီးပွားရေးကဏ္ဍ (၁၂)ခုတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း (၁၈၀၆) ခု ရင်းနှီးမြှုပ်နှံလျက်ရှိရာ စုစုပေါင်း အမေရိကန် ဒေါ်လာသန်းပေါင်း (၈၁၅၉၇ ဒသမ ၇၄၃) ဖြင့် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုမိန့်များ ထုတ်ပေးခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်သောနိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်သည်။
နိုင်ငံပေါင်း (၅၀)မှ စီးပွားရေးကဏ္ဍ (၁၂)ခုတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားရှိမှုမှာ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၂၇ ဒသမ ၄၈ ရာခိုင်နှုန်း) ဖြင့် လည်းကောင်း၊ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၅ ဒသမ ၉၅ ရာခိုင်နှုန်း) ဖြင့် လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၁၄ ဒသမ ဝ၁ ရာခိုင်နှုန်း) ဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံထားသည်။
သတင်းစဉ်


