နေပြည်တော် ၂၇ စက်တင်ဘာ

 

မြန်မာပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာကျောင်းသားများအနေဖြင့် အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်များ၊ ပညာရေးဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းများနှင့် သင်တန်းများကို ကောင်းမွန်မှန်ကန်စွာ ရွေးချယ်နိုင်စေရန် ရည်ရွယ်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန Trade Training Institute ၏ ပံ့ပိုးကူညီမှုဖြင့် အပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲ-၂၀၁၉ 'Global Education Expo 2019' ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ ကျင်းပသည်။

 

ပြပွဲတွင် ပြည်တွင်းပြည်ပမှ တက္ကသိုလ်နှင့် ကောလိပ်များ၊ ပုဂ္ဂလိကကျောင်းများ၊ ပညာရေး သင်တန်းကျောင်းများ၊ စီးပွားရေးနှင့် စီမံခန့်ခွဲမှုသင်တန်းကျောင်းများနှင့် နည်းပညာဆိုင်ရာ သင်တန်းကျောင်းများ၊ နိုင်ငံခြားဘာသာ သင်တန်းကျောင်းများ၊ နိုင်ငံခြားတက္ကသိုလ်ဝင်ခွင့် သင်တန်းကျောင်းများ၊ အနုပညာဆိုင်ရာ သင်တန်းကျောင်းများ၊ ဟိုတယ်နှင့် ခရီးသွားဆိုင်ရာ သင်တန်းကျောင်းများ၊ ပညာရေးအတိုင်ပင်ခံ သင်တန်းကျောင်းများ၊ အင်ဂျင်နီယာဘာသာရပ်ဆိုင်ရာ သင်တန်းကျောင်းများ၊ ဆေးပညာဆိုင်ရာ သင်တန်းကျောင်းများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းကျောင်းများ၊ ပညာရေးဝန်ဆောင်မှု လုပ်ငန်းများနှင့် စာအုပ်၊ စာပေစာရေးကိရိယာအမျိုးမျိုး ပါဝင်ပြသထားသည်။

 

ထို့ပြင် Pre-school မှသည် အပြည်ပြည်ဆိုင်ရာတက္ကသိုလ်များနှင့် တိုက်ရိုက် ထိတွေ့နိုင်သည့် အခွင့်အလမ်းများ ပါဝင်မည်ဖြစ်ပြီး MESI မှ ဆရာ ဇင်ဖြိုးပိုင်၊ ဆရာ ဦးခင်မောင်ညို(ဘောဂဗေဒ)၊ ဦးကျော်ကျော်လှိုင်(Smart Group)၊ ဒေါ်ပို့ပို့ကြည် (Myanmar Imperial University)နှင့် ဆရာဦးသိန်းမြင့်ဝေ (Ministry of Commerce, TTI)တို့မှ “ကမ္ဘာကိုခြေဆန့်သည့် ကမ္ဘာ့ပညာရေး” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးမည် ဖြစ်သည်။

 

ပြပွဲကာလအတွင်း မိုဘိုင်းဟန်းဆက်များကို ကံစမ်းမဲဖွင့်လှစ်ပေးမည်ဖြစ်ပြီး ပြပွဲကို စက်တင်ဘာ (၂၉)ရက်အထိ နေ့စဉ်နံနက် (၉)နာရီမှ ညနေ (၅)နာရီအထိ အခမဲ့ လာရောက်လေ့လာနိုင်ကြောင်း သိရသည်။

 

သတင်းစဉ်