ဇီးကုန်း     ၂၆  စက်တင်ဘာ 

 

ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့ အမှတ်(၁)ရပ်ကွက်၊ မော်ရအုပ်စုနှင့် မြို့အရှေ့ဘက်ရှိ ကျေးရွာများသို့ အဓိက ဆက်သွယ်ထားပြီး မင်းဘူးချောင်းပေါ်တွင် တည်ဆောက်ထားသည့် သံပုရာကုန် (RPT တံတား)၏ ကွန်ကရစ် အုတ်စီမြေထိန်းနံရံသည် စက်တင်ဘာ ၁၇ ရက် နံနက်က ချောင်းရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးခဲ့ရပြီး တံတားချည်းကပ်လမ်းအား ရေတိုက်စားမှု ဖြစ်ပေါ်ခဲ့သည်။

 

ထိုသို့ပြိုကျပျက်စီးခြင်းကြောင့် မြို့အရှေ့ဘက်ရှိ ကျေးရွာများမှ ကုန်ထုတ်လုပ်မှုနှင့် ပြည်သူများ နေ့စဉ်သွားလာမှု၊ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှု မရှိစေရန်အတွက် ဇီးကုန်းမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့ဝင်များ၊ အလှူရှင်များနှင့် မြို့နယ်သဘာဝဘေး စီမံခန့်ခွဲမှုကော်မတီဝင်များ ပူးပေါင်း၍ အဆိုပါတံတားချည်းကပ်လမ်းအား ပြုပြင်ဆောင်ရွက်ပေးခဲ့ရာ ယမန်နေ့ နံနက်မှစ၍ အဆိုပါတံတားပေါ်မှ ပုံမှန်အတိုင်း  ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

 

ဆက်လက်၍လည်း ဇီးကုန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြေထိန်းနံရံအသစ် ပြန်လည်တည်ဆောက်နိုင်ရန် တွက်ချက်၍ တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ တင်ပြတောင်းခံလျှက်ရှိပြီး အမြန်ဆုံးဆောက်လုပ်နိုင်ရန် ဆောင်ရွက်လျှက်ရှိကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

တင့်ဆွေ(ဇီးကုန်း)